ပင်းတယမြို့နယ်၌ နွေရာသီရေရှားပါးသည့်အချိန် ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်း

ပင်းတယ ဖေဖော်ဝါရီ ၂၉

မြန်မာနိုင်ငံတွင် တော၊ တောင်၊ ရေ၊ မြေ၊ သဘာဝအရစိုက်ပျိုးရေးကို အခြေခံစီးပွားဖြစ် လုပ်ကိုင်စားသောက်ကြပြီး၊ ဒေသရာသီဥတု၊ မြေဆီလွှာနှင့်ကိုက်ညီသော သီးပင်၊ စားပင်များ စိုက်ပျိုးရောင်းချလျက်ရှိကြရာ တောင်ပေါ်ဒေသဖြစ်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်အနီး ကျေးရွာများတွင် ရေခြံစိုက်ပျိုးရေးလုပ်ငန်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။

ယခုကဲ့သို့ ရေရှားပါးသည့် နွေရာသီတွင်၊ ပင်းတယမြို့နယ်၊ ကျောက်စုကျေးရွာအုပ်စု၊ ကိုးလုံးကျေးရွာပဲ နောက်အင်းရေခြံလုပ်ငန်းနှင့် ဇော်ဂျီချောင်းနံဘေးရေသွင်း စိုက်ပျိုးရေးလုပ်ငန်းများ စိုက်ပျိုးအောင်မြင်ဖြစ်ထွန်းလျက်ရှိသည်။ ရေခြံလုပ်ငန်းဖြင့် အသက်မွေးဝမ်းကြောင်းပြု၊ စားသုံးသီးနှံများ စိုက်ပျိုးရောင်းချသူတစ်ဦးက"ကျွန်မတို့မိသားစုက ကိုယ်ပိုင်လယ်မြေပေါ်မှာ မုန့်ညင်းဖြူနဲ့ မုန့်ညင်းစိမ်းကိုအဓိကစိုက်ပါတယ်၊ မိုးရေမရရှိတဲ့ အခုလိုရေရှားပါးတဲ့ နွေရာသီမှာပဲနောက်အင်းကရေကို တင်ပြီးစိုက်ခင်းထဲကို ရေသွင်းစိုက်တာ ဖြစ်ပါတယ်၊ တချို့ကုန်စိမ်းရောင်းချသူတွေက စိုက်ခင်းထဲအထိ ဖောက်သည်လာယူပြီးမြို့ပေါ်ဈေးမှာ သွားရောင်းကြတော့ မုန့်ညင်းတွေကို အခင်းပြတ်နဲ့ ရောင်းပေးရတယ်။ အခင်းပြတ်နဲ့ ရောင်းတာကြတော့ အချိန်တိုတိုနဲ့ ငွေအရင်းအမြန်ပေါ်ပြီး ငွေအလုံးအရင်းပြန်ရတဲ့အတွက် မိသားစုစားဝတ်နေရေး ပိုပြီးအဆင်ပြေတယ်၊ ဒီစိုက်ခင်းက တစ်နှစ်ပတ်လုံးဝင်ငွေရတဲ့အတွက် ကလေးတွေကျောင်းစရိတ်အပြင် မိသားစုစားဝတ်နေရေးအတွက် အဆင်ပြေလုံလောက်ပါတယ်” လို့ ပြောကြားသည်။

ပင်းတယမြို့နယ်ရှိ ရေခြံစိုက်ပျိုးရေးလုပ်ငန်းများတွင် တစ်နိုင်တစ်ပိုင် စိုက်ပျိုးကြသူများရှိသလို စီးပွားဖြစ် ဧကအများအပြား စိုက်ပျိုးကြသူများလည်းရှိကြပြီး၊ ရေခြံလုပ်ငန်းများတွင် မုန့်ညင်းစိမ်းနှင့် မုန့်ညင်းဖြူ၊ မုန့်လာဥနီ၊ ပန်းဂေါ်ဖီ၊ နံနံပင်၊ ခရမ်းသီး၊ ပဲပုဇွန်သီး၊ ရွှေပဲသီး၊ ရွှေပဲရွက်၊ ငရုတ်၊ ကိုက်လန်၊ စသည်ဖြင့် ဟင်းသီးဟင်းရွက်များလည်း အောင်မြင်ဖြစ်ထွန်းနေကြောင်း သိရသည်။

အောင်ကိုဦး(ပြန်/ဆက်)