သာကေတမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းနှင့် လက်ကမ်းစာစောင်များ ဖြန့်ဝေ

သာကေတ ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ၇/အ ရှေ့ရပ်ကွက်၊ ခိုင်ရွှေဝါလမ်း နှစ်ကျိပ်ရှစ်ဆူ ဗဟိုဓမ္မာရုံတွင် ယမန်နေ့ နေ့လယ် (၁) နာရီ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ နှင့်ပတ်သက်၍ ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရန် ရည်ရွယ်ကာ အသိပညာပေး ရှင်းလင်းဆွေးနွေးခြင်းကို ဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ပြည်သူများ (၁၆၅) ဦးခန့် တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်သူက ပြည်သူ့စစ်မှုထမ်း ဥပဒေ​အတည်ပြုပြဋ္ဌာန်းခြင်းနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် (၁) ဗိုလ်မှူးသူရိန်ဇော်က ပြည်သူ့စစ်မှုထမ်း ဥပဒေ စတင်ပေါ်ပေါက်လာပုံ၊ ပြဋ္ဌာန်းရခြင်း ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့် ပြည်သူများ၏ အသက်အရွယ်ကန့်သတ်ချက်နှင့် သင်တန်းကာလ သတ်မှတ်ချက်နှင့်​ပြည်သူများစစ်မှုထမ်း ဥပဒေကြောင့် ပြည်သူများ စိုးရိမ်ထိတ်လန့်မှု မရှိစေရေးများကိုလည်းကောင်း၊  မြို့နယ်ဥပဒေအရာရှိ ဒေါ်ဟေမာန်ထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြစ်မှု၊ ပြစ်ဒဏ် ဆိုင်ရာများကို လည်းကောင်း၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူး ညွှန့်ဝင်းမှ ပြည်သူ့စစ်မှုထမ်းဥပဒေအား အတည်ပြုထားသည့် ကြေငြာချက် ထုတ်ပြန်ထားရှိမှုနှင့် ပတ်သက်၍ သတင်းတု/ သတင်းမှားများအား လူမှုကွန်ယက်ပေါ်တွင် လှုံ့ဆော်နေမှုများအပေါ် ပြည်သူများ ကြောက်ရွံ့ထိတ်လန့်မှု မရှိစေရေးနှင့်  လှုံ့ဆော်နေမှုများအား ပြည်သူများမှ ယုံကြည်မှု မရှိစေရေးတို့ကို အသိပညာပေး ဆွေးနွေးခဲ့ပြီး တက်ရောက်လာသူများမှ သိလိုသည် များ မေးမြန်းကာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားကာ ပြည်သူ့စစ်မှုထမ်းဥပ​ဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြောင်း သိရှိရသည်။

ဆောင်းနှင်းဖြူ(ပြန်/ဆက်)