ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာများနှင့်ပတ်သက်၍ အသိပညာပေးဟောပြောပွဲ ကျင်းပ

ပျဉ်းမနား ဖေဖော်ဝါရီ  ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်နေ့ မွန်းလွဲပိုင်းက ဇီးဖြူပင်ကျေးရွာအုပ်စု သစ်ဆိမ့်ပင်ကျေးရွာဘုန်းတော်ကြီးကျောင်း၌ ကျင်းပခဲ့ရာ ပျဉ်းမနားခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အဖွဲ့ဝင်(၁) ဒုတိယဗိုလ်မှူးကြီး ထွန်းလင်းဦး၊ အဖွဲ့ဝင်(၃) ဦးရဲဇင်လတ်၊ ဒုတိယခရိုင်ရဲတပ်ဖွဲ့မှူး ရဲမှူးအေးနိုင်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများ၊ ဆယ်အိမ်မှူးများ၊ ပြည်သူများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပျဉ်းမနားခရိုင်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များက  ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကျင့်သုံးရသည့် အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့်ပတ်သက်၍ သိကောင်းစရာများ၊ လူမှုကွန်ယက်စာမျက်နှာ Facebook၊ Telegram များမှ မဟုတ်မမှန်သတင်းမှားများ မယုံကြည်ကြရန် စသည်တို့အား ရှင်းလင်းပြောကြားခဲ့သည်။

ယင်းနောက် ရပ်ကွက်/ကျေးရွာနေပြည်သူများက ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုသည်များကို မေးမြန်ကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပျဉ်းမနားခရိုင်စီမံအုပ်အုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကိုဦးနှင့် အဖွဲ့ဝင်များက  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များအား ဖြန့်ဝေခဲ့ကြကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)