ဒဂုံမြောက် ဖေဖော်ဝါရီ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ တိုးတက်ဖွံ့ဖြိုးရေးအတွက် မြို့နယ်စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် စာအုပ်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အစည်းအဝေးတွင် ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်တွင် စာကြည့်တိုက်များ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ရီက ရပ်ကွက်အတွင်းရှိ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်ရှိဆောင်ရွက်နေသည့် လုပ်ငန်းများမှ ပိုမိုကောင်းမွန်သည့် နည်းလမ်းများဖြင့် ဆောင်ရွက်မည့် အခြေအနေများနှင့် စာကြည့်တိုက်များတွင် လိုအပ်သည့် စာကြည့်တိုက် ဆိုင်ရာ လုပ်ငန်းများ ကောင်းမွန်စေရေးအတွက် စာကြည့်တိုက်မှူးများမှ ရန်ကုန်တိုင်းဒေသကြီးအစိုးရနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်ခဲ့သော သင်တန်းများတွင် ပို့ချသည့် နည်းစနစ်များအတိုင်း စနစ်တကျ ဆောင်ရွက်သွားရန် လိုအပ်ကြောင်း စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ အစည်းအဝေးသို့ တက်ရောက်လာကြသော ရပ်ကွက်စာကြည့်တိုက် ကော်မတီဝင်များနှင့် စာကြည့်တိုက်မှူးများက စာကြည့်တိုက်များ လက်ရှိ လည်ပတ်ဆောင်ရွက်နေမှုများနှင့် ရှေ့ဆက်ဆောင်ရွက်မည့် အစီအစဥ်များကို ဆွေးနွေးခဲ့ကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး စာကြည့်တိုက်များ ကြီးကြပ်မှု ကော်မတီနှင့် မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖောင်ဒေးရှင်းတို့မှ ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များသို့ လှူဒါန်းသည့် သုတ၊ ရသ စာအုပ်များအား မြို့နယ်စာကြည့်တိုက် ကော်မတီဝင်များက ရပ်ကွက်စာကြည့်တိုက် (၂) တိုက်သို့ ထပ်ဆင့်ပေးအပ် လှူဒါန်းခဲ့ရာ သက်ဆိုင်ရာ စာကြည့်တိုက် ကော်မတီဝင်များက အသီးသီး လက်ခံရယူခဲ့ကြောင်း သတင်းရရှိသည်။
မြင့်မြင့်ရီ(ပြန်/ဆက်)