ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် ကျေးရွာများအရောက် ကွင်းဆင်းဟောပြောခြင်း ဆောင်ရွက်

ပုဗ္ဗသီရိ ဖေဖော်ဝါရီ ၂၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား  ပြည်သူများသိရှိစေရန် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာကျေးရွာ၊ အေးချမ်းသာယာခန်းမ၌ ကျင်းပရာ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာမင်း၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူးသန်းနိုင်ကျော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဝေယံငြိမ်း၊ အေးမြင့်သာယာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။

ရှေးဦးစွာ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေယျာမင်း၊ ပုဗ္ဗသီရိမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်(၁) ဗိုလ်မှူး သန်းနိုင်ကျော်၊ ပုဗ္ဗသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးကျော်ဝေယံငြိမ်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကို ကျင့်သုံးရခြင်း၏ အကြောင်းအရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများနှင့် ကောလဟလများ မယုံကြည်ကြစေရန် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းချက်များကို ပြည်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)