ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်

မော်လမြိုင် ဖေဖော်ဝါရီ ၂၉

ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ၏ အခြေခံစာတတ်မြောက်ရေးလုပ်ငန်းများထိရောက်စွာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေမြိုင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ယု၊ ခရိုင်အခြေခံစာတက်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်သည်။

အစည်းအဝေးတွင် ခရိုင်အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ ဥက္ကဋ္ဌ၊ ဦးမြတ်ယုက  ကျေးလက်ဒေသနေ ပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး လှုပ်ရှားမှုကို ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်လျက်ရှိပါကြောင်း၊ စာတတ်မြောက်ခြင်းဟာ လူတစ်ဦးတစ်ယောက်ရဲ့ ဘဝလူနေမှု အဆင့်အတန်းသာမက မိသားစု၊ ရပ်ကွက်နှင့် လူ့အဖွဲ့အစည်းကိုပါ ပြောင်းလဲစေနိုင်သလို ပညာတတ်များ၊ အသိပညာရှင်၊ အတတ်ပညာရှင်များနှင့်သာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်နိုင်မှာဖြစ်ကြောင်း၊ ခရိုင်အတွင်းကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများရဲ့ စာတတ်မြောက်ရေးလုပ်ငန်းများ၊ သင်ကြားရေးအစီအစဉ်များ အဆင်ပြေချောမွေ့စွာဖြင့် အကောင်အထည်ဖော် ဆောင်ရွက်သွားနိုင်ရေး တာဝန်ရှိသူများအားလုံး အမျိုးသားရေးတာဝန် တစ်ရပ်အနေနဲ့ ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ ကြိုးစားဆောင်ရွက်ပေးသွားကြဖို့ တိုက်တွန်းလိုပါကြောင်းဖြင့် အမှာစကားပြောကြားခဲ့သည်။

ထို့နောက် ခရိုင်အခြေခံစာတတ်မြောက်ရေး လုပ်ငန်းကြီးကြပ်မှုကော်မတီ အဖွဲ့ဝင်နှင့်  လုပ်ငန်းကြီးကြပ်မှုကော်မတီ အတွင်းရေးမှူးတို့က ကျေးလက်ဒေသနေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများ စာတတ်မြောက်ရေး အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းအခြေအနေများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ဆက်လက်၍ တက်ရောက်လာကြသည့် လုပ်ငန်းကြီးကြပ်မှုကော်မတီဝင်များက လုပ်ငန်းဆောင်ရွက်ထားရှိမှုအခြေအနေများနှင့်ပတ်သက်၍ သက်ဆိုင်ရာကဏ္ဍအလိုက် အသီးသီးရှင်းလင်းတင်ပြခဲ့ကြမှုအပေါ် ခရိုင်အုပ်ချုပ်ရေးမှူးက လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

စည်သူ(ပြန်/ဆက်)