ဗိုလ်တထောင် ဖေဖော်ဝါရီ ၂၉
ကျောင်းသား၊ ကျောင်းသူ/ လူငယ်လူရွယ်လေးများ၏ ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂစသည့် ဗလငါးတန် ဘက်စုံဖွံ့ဖြိုး တိုးတက်စေရန်အတွက် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရန်ကုန်အရှေ့ပိုင်း သူနာပြုသင်တန်းကျောင်းတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်း ဆွေးနွေးပွဲကို ဖေဖော်ဝါရီလ (၂၇) ရက်နေ့ နေ့လယ်(၂)နာရီအချိန်က ဗိုလ်တထောင်မြို့နယ်ရှိ ရန်ကုန်အရှေ့ပိုင်း သူနာပြုသင်တန်းကျောင်း ကျောင်းခန်းမ၌ စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်တိုင်းဒေသကြီးရုံးမှ တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဆန်းဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က မုဒိတာစကားပြောကြားခဲ့ ကြောင်းသိရှိရသည်။
ထို့နောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဗိုလ်တထောင်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်နှင့် ရန်ကုန်အရှေ့ပိုင်းသူနာပြုသင်တန်းကျောင်း ကျောင်းအုပ် (စီမံ ) ဒေါ်သီတာဦးတို့က ဦးဆောင်ဆွေးနွေးသူအဖြစ် ပါဝင်ဆောင်ရွက်ခဲ့ပြီး ရန်ကုန်အရှေ့ပိုင်းသူနာပြုသင်တန်းကျောင်း ကျောင်းသား/သူများက လူငယ်နှင့် စာပေ၊ လူငယ်နှင့် နည်းပညာ၊ လူငယ်နှင့် ယဉ်ကျေးမှု၊ လူငယ်နှင့် အားကစား၊ လူငယ်နှင့် ကျန်းမာရေး၊ လူငယ်နှင့် စာရိတ္တ စသည့်ခေါင်းစဉ်များဖြင့် အသီးသီး ပါဝင်ဆွေးနွေးခဲ့ကြသည်။
ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာကြသော ကျောင်းသား/သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ဦးဆောင်ဆွေးနွေးသူများက ပြန်လည်ရှင်းလင်း ဖြေကြားပေးခဲ့ကြပြီး ရန်ကုန်အရှေ့ပိုင်း ဆေးရုံအုပ်ကြီးဒေါက်တာ ခင်စိုးမိုးဝင်းမှ လူငယ်စကားဝိုင်းတွင် ပါဝင်ဆွေးနွေးပေးခဲ့ကြသည့် ကျောင်းသား/သူများအား လက်ဆောင်ပစ္စည်းများ အသီးသီး ပြန်လည်ပေးအပ်ခဲ့သည်။
ထိုအခမ်းအနားသို့ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဆန်းဝင်း၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်လှလှနွယ်၊ ဗိုလ်တထောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်အရှေ့ပိုင်း ဆေးရုံအုပ်ကြီး ဒေါက်တာ ခင်စိုးမိုးဝင်းနှင့် ဒေါက်တာများ၊ ဖိတ်ကြားထားသော ဌာနဆိုင်ရာအကြီးအကဲများ၊ သူနာပြုသင်တန်းကျောင်း ကျောင်းအုပ်ကြီး လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မိုးသီတာနှင့် ဆရာ/ဆရာမများ၊ သင်တန်းသား/သူများ စုစုပေါင်းအင်အား (၁၉၀)ကျော် တက်ရောက်ခဲ့ကြသည်။
ယင်းနောက် အခမ်းအနားသို့ တက်ရောက်လာကြသူများသည် ခန်းမအတွင်း ပြသထားသော လူငယ်ရေးရာဆိုင်ရာ အသိပညာပေး နံရံကပ်စာစောင်များနှင့် သုတ/ရသ စာအုပ်စာစောင်များအား ကြည့်ရှုလေ့လာခဲ့ကြကြောင်းနှင့် လူငယ်များအနေဖြင့် ယခုလို စကားဝိုင်းများမှတဆင့် အသိဉာဏ်ပညာ ဗဟုသုတများ ပိုမိုရရှိစေရန်၊ စကားပြောအတတ်ပညာ ကျွမ်းကျင်တတ်မြောက်ပြီး လူအများရှေ့တွင် ရဲဝံ့စွာ စကားပြောဆို တတ်စေရန်၊ လူငယ်အချင်းချင်း တစ်ဦးနှင့်တစ်ဦး အသိပညာ ဖလှယ်ကြရာမှ အတွေ့အကြုံသစ်များ ရရှိစေရန်နှင့် လူငယ်အချင်းချင်း ရင်းနှီးချစ်ကြည်မှုများ တိုးပွားပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ပူးပေါင်းဆောင်ရွက်တတ်သည့် အလေ့အကျင့်ကောင်းများ ပါရရှိစေရန် စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သတင်းရရှိ ပါသည်။
ခင်ဝင်း(ပြန်/ဆက်)