မိတ္ထီလာ ဖေဖော်ဝါရီ ၂၉
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)နှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (မိတ္ထီလာခရိုင်) အသင်းသူအသင်းသားများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့ Grand Cosmos ဟိုတယ်ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်ဦးကျော်ဇေယျက အမှာစကားပြောကြားခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)ဥက္ကဋ္ဌ ဒေါ်မို့မို့အောင်က အသင်း၏ ဆောင်ရွက်ချက်များနှင့် အသင်းသူအသင်းသားများအလိုက် ဆောင်ရွက်သင့်သည့်အချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း(ဗဟို) ဒုတိယဥက္ကဋ္ဌ ဦးမြင့်စိန်၊ ဒုတိယဥက္ကဋ္ဌ ဦးဌေးမြင့်၊ မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(နေပြည်တော်)ဥက္ကဋ္ဌ ဦးကျော်စွာမြင့်၊ မြန်မာနိုင်ငံအိမ်ခြံမြေ ဝန်ဆောင်မှုအသင်း (မန္တလေးတိုင်းဒေသကြီး)ဥက္ကဋ္ဌ ဦးအောင်တိုးနှင့် အတွင်းရေးမှူး ဦးကြည်လွင်တို့က အမှာစကားများပြောကြားသည်။ ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌစာရေးဆရာတင်တော်က မြို့မိမြို့ဖများနှင့် မိတ်ဆက်ပေးခြင်းနှင့် မိတ္ထီလာခရိုင် အသင်း၏ အခြေအနေများကို ပြောကြားပြီး ခရိုင်အသင်းဥက္ကဋ္ဌ ဦးမောင်မောင်အေးက ကျေးဇူးတင် စကားပြောကြားသည်။ အဆိုပါတွေ့ဆုံပွဲအခမ်းအနားတွင် မိတ္ထီလာခရိုင်အသင်းအတွက် အလှူငွေများနှင့် မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်း (ဗဟို)မှဖွင့်လှစ်ခဲ့သည့်သင်တန်းသို့ တက်ရောက်ခဲ့သူများအတွက် သင်တန်းဆင်းလက်မှတ်များကိုဥက္ကဋ္ဌ ဒေါ်မို့မို့အောင်နှင့် တာဝန်ရှိ သူများ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
ချမ်းသာ