တာမွေမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

တာမွေ ဖေဖော်ဝါရီ ၂၉

ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ်အတွင်းရှိ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်းနှင့် ပတ်သက်ပြီး ကျယ်ကျယ်ပြန့်ပြန့် သိရှိနိုင်စေရန်အတွက် ရည်ရွယ်၍ ယနေ့နံနက်ပိုင်းအချိန်က တာမွေမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများအကြောင်း အသိပညာပေး သတင်းစကား လက်ကမ်းစာစောင်များကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၊ ကားမှတ်တိုင်များ၊ စျေးများ၊ ဘူတာများ၊ လက်ဖက်ရည်ဆိုင်များ၊ စားသောက်ဆိုင်များ၊ လမ်းဆုံလမ်းခွနေရာများနှင့် လူစည်ကားရာနေရာများတွင် ပြည်သူများထံ လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြသည်။

" ပထမကတော့ ငါတို့ စစ်တပ်ထဲဝင်ရမယ်၊ စစ်တိုက်ရတော့မယ်ဆိုပြီးတွေးပြီး တစ်နေ့တစ်နေ့ စိုးရိမ် ပူပန်စိတ်များစွာဖြင့် အကြောက်ကြီး ကြောက်နေခဲ့ရပါတယ်။ အခုတော့ ဒီလက်ကမ်းစာစောင်ထဲကနေ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာတွေနဲ့ ပတ်သက်ပြီး အသေးစိတ် သိရှိလိုက်ရတဲ့အတွက် အရင်ကလို စိုးရိမ်စိတ်တွေလည်း မရှိတော့ပါဘူး။ အခုလို ကျွန်မတို့ ပြည်သူတွေ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်တဲ့ သိမှတ်ဖွယ်ရာတွေကို ကျယ်ကျယ် ပြန့်ပြန့် သိရှိနိုင်ဖို့အတွက် သက်ဆိုင်ရာ တာဝန်ရှိသူတွေအနေနဲ့ အသိပညာပေး လက်ကမ်းစာစောင်တွေ ဖြန့်ဝေပေးတာဟာ အရမ်းကိုကောင်းမွန်တဲ့ ဝန်ဆောင်မှုတစ်ခုပါပဲ။ စစ်မှုထမ်းဥပဒေနှင့် ပတ်သက်ပြီး ကိုယ်မသိသေးတဲ့ တစ်ချို့သော ဗဟုသုတတွေကိုလည်း သိရှိခွင့်ရတဲ့အတွက် အထူးပင် ကျေးဇူးတင်ရှိပါတယ် " ဟု ရပ်ကွက်နေ ပြည်သူတစ်ဦးက ဆိုသည်။

အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းခြင်းနှင့် ပတ်သက်သည့် အမျိုးသားရေးတာဝန်များ၊ ပြည်သူတွေအနေဖြင့် စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ စိုးရိမ်ရန်မလိုအပ်သည့်အကြောင်း၊ ပြည်သူ့စစ်မှုထမ်းခြင်းနှင့် ပတ်သက်ပြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်များ၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလအပိုင်းအခြား၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့် ဆက်သွယ်ရန် ဖုန်းနံပါတ်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရသည့် အကြောင်းအရာများနှင့် ပတ်သက်ပြီး သိမှတ်ဖွယ်ရာများကို စုံလင်စွာ ဖော်ပြထားကြောင်း သတင်းရရှိပါသည်။     

နိုင်လင်းအောင် (ပြန်/ဆက်)