မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီး ချောင်းဆုံမြို့နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များနှင့် တွေ့ဆုံ

ချောင်းဆုံ ဖေဖော်ဝါရီ ၂၉

မွန်ပြည်နယ် ချောင်းဆုံမြို့နယ်ရှိ အသေးစား၊ အငယ်စားနှင့် အလတ်စား (MSME) စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် (MSME) ချေးငွေထုတ်ချေးခြင်းဆိုင်ရာ လုပ်ငန်းများကို သိရှိစေရန်အတွက် မွန်ပြည်နယ် အစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး နိုင်လယိတမနှင့် ပြည်နယ် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများမှ ယမန်နေ့ နံနက်(၉)နာရီက ကျွန်းသာယာခန်းမတွင် တွေ့ဆုံပွဲ အခမ်းအနားကို ကျင်းပခဲ့သည်။

အခမ်းအနားတွင် မွန်ပြည်နယ် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (ဥက္ကဋ္ဌ) ပြည်နယ်အစိုးရအဖွဲ့ဝင် စီးပွားရေးဝန်ကြီးက အဖွင့်အမှာစကား ပြောကြားကာ အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး အေဂျင်စီ (တွဲဖက်အတွင်းရေးမှူး) ဦးသိန်းထိုက်က (MSME) ချေးငွေများ ထုတ်ချေးခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းနှင့် ချေးငွေအဆိုပြုလွှာ တင်ပြရမည့် အထောက်အထားများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့သည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များမှ သိရှိလိုသည်များကို မေးမြန်းတင်ပြခဲ့ကြပြီးနောက် သက်ဆိုင်ရာ တာဝန်ရှိသူများမှ ကဏ္ဍအလိုက် ပြန်လည်ဆွေးနွေးပေးခဲ့ကြကာ တင်ပြချက်များအပေါ်  ပြည်နယ်စီးပွားရေးရာဝန်ကြီးက ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး  အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းရှင်များနှင့် ရင်းရင်းနှီးနှီး ‌တွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)