မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများတက်ရောက် ပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောပွဲကျင်းပ

မိတ္ထီလာ ဖေဖော်ဝါရီ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင်၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် ကျောင်းသားကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က အခြေခံပညာ အလယ်တန်းကျောင်း (ရှမ်းမငယ်)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

အသိပညာပေးဟောပြောပွဲတွင် အခြေခံပညာအလယ်တန်းကျောင်း(ရှမ်းမငယ်)မှ ကျောင်းအုပ်ဆရာမကြီး  ဒေါ်အိအိဝင်းက စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းကို မိတ္ထီလာမြို့နယ် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း (ဖလံကျင်း)တွင်  ၂၀၂၃-၂၀၂၄ ခုနှစ် ပညာသင်နှစ်မှ စတင်၍ ဖွင့်လှစ်သင်ကြားနေပြီ ဖြစ်ပါကြောင်း၊ ၂၀၂၄-၂၀၂၅ ခုနှစ် ပညာသင်နှစ်အတွက် Grade-9 အောင်မြင်သော ကျောင်းသား ကျောင်းသူများ တက်ရောက်ပညာသင်ကြားနိုင်ရေး  အသိပညာပေးဟောပြောခြင်းဖြစ်ပါကြောင်း၊ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းကို တက်ရောက်ပညာ သင်ကြားပါက ပညာသင်ကြားစဉ်ကာလအတွင်း ကျောင်းသားတစ်ဦးလျှင် လစဉ် ငွေကျပ် ၁၀၀၀၀ နှင့်  သင်ထောက်ကူပစ္စည်းများ ပံ့ပိုးကူညီ ပေးလျက်ရှိပါကြောင်းနှင့် စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းမှ သင်ယူပြီးမြောက်ပါက ဆက်လက်ပညာသင်ယူနိုင်မည့် အခွင့်အလမ်းများနှင့် အမှတ်(၆) အခြေခံပညာအထက်တန်းကျောင်း (ဖလံကျင်း)ရှိ စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းတွင် တက်ရောက်ပညာသင်ကြားမည့် ကျောင်းသားကျောင်းသူများအနေဖြင့် စိုက်ပျိုးရေးဘာသာရပ်နှင့် မွေးမြူရေးဘာသာရပ်များမှ မိမိတို့ စိတ်ဝင်စားသည့်ဘာသာရပ်များကို ရွေးချယ်တက်ရောက်နိုင်မည်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲကို အခြေခံပညာအလယ်တန်းကျောင်း(ရှမ်းမငယ်)မှ ကျောင်းအုပ်ဆရာမကြီး  ဒေါ်အိအိဝင်းနှင့် ဆရာဆရာမများ၊  Grade-9 ဖြေဆိုထားသည့် ကျောင်းသား၊ကျောင်းသူ (၁၁၉) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)