မြစ်သား ဖေဖော်ဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ရွာသစ်ကျေးရွာအုပ်စုရသာချို ကြက်သွန်ကြော်လုပ်ငန်းအလုပ်ရုံတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်မှ အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့အဖွဲ့ဝင်(၁) ဗိုလ်မှူးဘိုဘိုအောင်မှ ပြည်သူ့စစ်မှုထမ်းဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာအကြောင်းအရာများ၊ ဥပဒေနှင့်ပတ်သက်၍ ကော်မတီများဖွဲ့စည်းထားရှိမှုအခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များနှင့် ပြည်သူ့စစ်မှုထမ်းဥပဒေကို နိုင်ငံတော်အစိုးရမှ အတည်ပြုထုတ်ပြန်လာမှုနှင့်စပ်လျဥ်းပြီး လူမှုကွန်ယက် စာမျက်နှာများပေါ်တွင် ကောလာဟလများ ပျံ့နှံ့လာသဖြင့် ဥပဒေပါအကြောင်းအရာများအား မြစ်သား မြို့နယ်အတွင်းရှိ ဌာနဆိုင်ရာအကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများကျယ်ပြန့်စွာသိရှိ နားလည် သဘောပေါက်စေရန်၊ ပြည်သူလူထုအနေဖြင့် ကောလာဟလသတင်းများအပေါ် ယုံကြည်သက်ဝင်မှု မရှိစေရန်နှင့်သတင်းမှန်များအားသိရှိစေရန်နိုင်ငံတော်မှ တပြေးညီ ထုတ်ပြန်ထားရှိမှုအခြေအနေများအား လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း၊ ယခုဆွေးနွေးပွဲမှ ရရှိလာသောအတွေ့အကြုံဗဟုသုတများကို အခြားမသိရှိ၊ နားမလည်သေးသူများ သိရှိနားလည်အောင် ထပ်ဆင့်ရှင်းလင်းအသိပေး ပြောကြား နိုင်ရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက် တက်ရောက်လာကြသောပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှဝန်ထမ်းများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း (၁၂၀)ဦး တက်ရောက်ခဲ့ကြောင်းသိရသည်။
မြို့နယ်(ပြန်/ဆက်)