မြစ်သား ဖေဖော်ဝါရီ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ဘူတာရပ်ကွက်အတွင်းရှိ မြို့နယ်ပြည်သူ့အားကစားကွင်း၌ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဦးဆောင်ကာ မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးအတွက် မီးငြှိမ်းသတ်ခြင်းနှင့်ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှု လက်တွေ့သရုပ်ပြသခြင်းကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ လက်တွေ့သရုပ်ပြသဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်က အမှာစကားပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးမှူးဦးစီးအရာရှိ ဦးအောင်မင်းကျော်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးလောင်မှုအမျိုးအစားများအလိုက် မီးငြှိမ်းသတ်ခြင်းများကို မီးငြှိမ်းသတ်ယာဉ်၊ မီးသတ်ရေ သယ်ယာဉ်၊ မီးသတ်ဆေးဘူးများ အသုံးပြု၍ လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြခြင်းများ ပြုလုပ်ခဲ့သည်။
ဆက်လက်၍ မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ရာသို့ မြစ်သားမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ လူမှုရေးအသင်းအဖွဲ့ဝင်များ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စီးပွားရေးလုပ်ငန်းရှင်များနှင့် ပြည်သူများတက်ရောက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)