မာန်အောင်မြို့နယ်၌ Grade- 9 ကျောင်းသား/သူများ နှစ်ဆုံးစာမေးပွဲအောင်မြင်စွာ ဖြေဆိုပြီးစီး

မာန်အောင် ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ် မာန်အောင်မြို့နယ်တွင်၂၀၂၃ - ၂၀၂၄  ပညာသင်နှစ်အတွက် Grade-9 ကျောင်းသား/သူများ၏ နှစ်ဆုံးစာမေးပွဲကို ဖေဖော်ဝါရီ ၂၂ ရက်က စတင်၍သက်ဆိုင်ရာ စာစစ်ဌာနအလိုက်ကျင်းပခဲ့ရာ ယနေ့နံနက် ၁၁ နာရီချိန်တွင် အောင်မြင်စွာကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။

မာန်အောင်မြို့နယ်တွင်  ပြည်နယ်စစ် Grade- 9 ကျောင်းသား/သူများအတွက် စာစစ်ဌာန (၂၃)ခု ဖွင့်လှစ်၍ ဖေဖော်ဝါရီလ ၂၂ ရက်မှ၂၈ရက်နေ့ထိ မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီ၊ သမိုင်း၊ အထွေထွေ သိပ္ပံဘာသာရပ်များကို တစ်ရက်လျှင် တစ်ဘာသာနှုန်းဖြင့် နံနက်၉နာရီမှ၁၁နာရီထိ ကျင်းပဖြေဆိုခဲ့ကြရာ ကျောင်းသား/သူ စုစုပေါင်း(၆၁၁)ဦး ဝင်ရောက်ဖြေဆိုပြီးစီးခဲ့ကြောင်း သိရသည်။

အဆိုပါစာမေးပွဲကို ကျောင်းသား၊ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန် မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ စာစစ်ဌာန ကြီးကြပ်ရေးမှူးများနှင့် တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သိန်းဖေ(ပြန်/ဆက်)