ပျော်ဘွယ် ဖေဖော်ဝါရီ ၂၉
ပျော်ဘွယ်မြို့၊ CHUNGBO နှမ်းဆီမွှေးစက်ရုံတွင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဖြစ်သည့် အသိပညာပေးဟောပြောခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ မီးဘေးလုံခြုံမှုစစ်ဆေးခြင်းတို့ကို ယမန်နေ့ နံနက်(၉)နာရီခွဲက အဆိုပါစက်ရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ စက်ရုံတာဝန်ခံ ဦးရဲစိုးထိုက်ဦးက ဝန်ထမ်းများအနေဖြင့် မီးဘေးလုံခြုံရေးအတွက် အသိပညာပေးဟောပြောမှုများ၊ ဇာတ်တိုက်လေ့ကျင့်မှုများကို သေချာစွာလေ့လာဆောင်ရွက်သွားရန် လိုအပ်ပါကြောင်းတို့ကို ရှင်းလင်းပြောကြားပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက အကြီးစားစက်ရုံဖြစ်သည်နှင့်အညီ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရမည့်နည်းလမ်းများ၊ မီးလောင်မှု ဖြစ်ပေါ်လာပါက မီးငြှိမ်းသတ်ရေးအတွက် ဆောင်ရွက်ရမည့်နည်းများလမ်းများ စသည်တို့ကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးကျော်မျိုးက မီးသတ်ဆေးဘူးအသုံးပြု၍ မီးငြှိမ်းသတ်နည်းများ၊ မီးသတ်ယာဉ်သုံးမီးသတ်ပိုက်အသုံးပြု၍ မီးငြှိမ်းသတ်နည်းများအား မီးသတ်တပ်ဖွဲ့ဝင်များနှင့် စက်ရုံအတွင်းရှိ ဝန်ထမ်းများပူးပေါင်း၍ လက်တွေ့လေ့ကျင့်စေခဲ့ပြီး စက်ရုံအတွင်း လှည့်လည်၍ မီးဘေးအန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားမှုတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)