ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း စစ်တွေမြို့၊ ခုတင်(၅၀၀) ဆေးရုံကြီးတွင် ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများပေးအပ်

စစ်တွေ   ဖေဖော်ဝါရီ ၂၉

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက စစ်တွေမြို့ ခုတင်(၅၀၀) ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား အာဟာရဖြည့်စွက်စာများ ပေးအပ်ပြီး ပြည်သူ့ဆေးရုံကြီးရှိ ဆရာဝန်၊ သူနာပြုဝန်ထမ်းများနှင့် တွေ့ဆုံခဲ့သည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ခုတင်(၅၀၀) ဆေးရုံကြီးတွင် တက်ရောက် ဆေးကုသမှုခံယူနေ သက်တော်ရှည် ငစိုင်ရိုင်းချောင်းဆရာတော်ကြီးအား ဖူးမြော်ကြည်ညိုပြီး လှူဖွယ်ဝတ္ထုများနှင့် အာဟာရဖြည့်စွက်စာများကို လှူဒါန်းသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံကြီးတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် ပြည်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံအားပေးစကား ပြောကြားပြီး အာဟာရဖြည့်စွက်စာများကို ထောက်ပံ့ပေးအပ်ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဆေးရုံးကြီးအစည်းအဝေးခန်းမ၌ သမားတော်၊ အထူးကုဆရာဝန်များ၊ ဆရာဝန်၊ သူနာပြုများ၊ ဝန်ထမ်းများနှင့်တွေ့ဆုံသည်။

တွေ့ဆုံပွဲတွင် ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက မိမိအပါအဝင်အစိုးရအဖွဲ့ဝင်များသည် ဆေးရုံတွင် တက်ရောက်ဆေးကုသမှုခံယူနေကြသည့် ဒေသခံပြည်သူများကို ထောက်ပံ့ပစ္စည်းများပေးအပ်ခဲ့သကဲ့သို့ ယခု တွေ့ဆုံပွဲသို့တက်ရောက်လာကြသည့် အထူးကုဆရာဝန်ကြီးများ၊ ဆရာဝန်၊ ဆရာမများ၊ သူနာပြုများနှင့် တွေ့ဆုံပြီး ထောက်ပံ့ကူညီပေးသည့်အခမ်းအနားဖြစ်ကြောင်း၊ ယခုကဲ့သို့ ဆရာဝန်ကြီးများနှင့် ကျန်းမာရေး ဝန်ထမ်းများကို စုံစုံညီညီတွေ့ဆုံရသည့်အတွက် ဝမ်းမြောက်ဂုဏ်ယူမိကြောင်း၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် ဒီမိုကရေစီနိုင်ငံ ထူထောင်ရေးကို အဓိကဆောင်ရွက်သည့်အခါ ကျန်းမာရေးနှင့် ပညာရေးကို အဓိကထားဆောင်ရွက်ခဲ့သည်ကို အားလုံးအသိဘဲဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံတော်အကြီးအကဲက ကျန်းမာရေးဝန်ထမ်းများကို စောင့်ရှောက်ပေးရန်၊ ကျန်းမာရေးဝန်ထမ်းများ၏ လိုအပ်ချက်ကို ကူညီပေးရန်မှာကြားထာကြောင်း၊ ဒေသတစ်ခုကို ဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ရာတွင် ကျန်းမာကြံ့ခိုင်သောလူငယ်များ၊ မျိုးဆက်သစ်များလိုအပ်ကြောင်း၊ ထို့ကြောင့် ကျန်းမာရေးသည် အလွန်အရေးကြီးကြောင်း နိုင်ငံတော်အကြီးအကဲကမှာကြားထားကြောင်း၊ ကျန်းမာရေးဝန်ထမ်းများအတွက်လည်း အမြဲမပြတ်ထောက်ပံ့ ပေးထားလျက်ရှိကြောင်း၊ ဆေးရုံကြီးသည် သမိုင်းကြောင်းအလွန်ကောင်းခဲ့ပါကြောင်း၊ ကိုဗစ်ကာလတွင်လည်း ဆေးရုံကြီးမှဝန်ထမ်းများသည် ကြိုးကြိုးစားစားဆောင်ရွက်ခဲ့ကြသည့်သမိုင်းကြောင်းများ ရှိခဲ့ကြောင်း၊ မိုခါမုန်တိုင်းကာလတုန်းကလည်း အခက်အခဲများကြားက ခက်ခက်ခဲခဲခွဲစိတ်ကုခဲ့သည်ကို တွေ့ရကြောင်း၊ ပြန်လည်ထူထောင်ရေးကာလတွင်လည်း ကျန်းမာရေးဝန်ထမ်းအနေဖြင့် ကြိုးကြိုးစားစား ဆောင်ရွက်ခဲ့ကြကြောင်း၊ ထိုသို့အစဉ်အလာကောင်းများရှိသည့်အတွက် ဆက်လက်၍လည်း ကြိုးစား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ မိမိတို့ဒေသသည် လမ်းပန်းဆက်သွယ်ရေးခက်ခဲသော ဒေသဖြစ်သည့်အတွက် အဆင်ပြည်သည့်သူများသာ ရန်ကုန်နှင့် အခြားမြို့ကြီးများသို့ သွားရောက်ကာ ဆေးကုသမှုခံယူကြပြီး အချို့ပြည်သူများမှာ စစ်တွေဆေးရုံကြီးတွင် ဆေးကုသမှုခံယူကြကြောင်း၊ ထို့ကြောင့် ဆေးရုံကြီးတွင်ရှိသော ကျွမ်းကျင်သည့် ဆရာဝန်ကြီးများက ကြိုးစားကုသပေးကြစေလိုကြောင်း၊ ဆေးရုံကြီးအတွက် လိုအပ်သောဆေးဝါးများကိုလည်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီနှင့် ချိတ်ဆက်ကာ သယ်ယူပို့ဆောင်ပေးလျက်ရှိကြောင်း၊ ဆေးဝါးများကိုလည်း အမှန်တကယ်လိုအပ်သော နေရာများကိုသာ ရောက်ရှိနိုင်ရေးအထူးအလေးထား ဆောင်ရွက်ပေးကြစေလိုကြောင်း၊ ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူကအားကိုးသည့် ပြည်သူက ချစ်ခင်ကြသည့် ဝန်ထမ်းများဖြစ်ခြင်းကြောင့် မိမိတို့ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှုပေးနိုင်ရန်အတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၊ ဒေါက်တာ ကြည်လွင်က ဆေးရုံ၏ လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားပြီး ဆရာဝန်နှင့်သူနာပြုများက ဆေးရုံနှင့်ပတ်သက်၍ လိုအပ်ချက်များကို တင်ပြကြရာ ပြည်နယ်အစိုးရအဖွဲ့ဝင်များက ဖြည့်စွက်ရှင်းလင်းတင်ပြကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က ဆေးရုံဝန်ထမ်းများအတွက် ထောက်ပံ့ငွေကျပ်သိန်း (၅၀)နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက စားသောက်ဖွယ်ရာများကို ထောက်ပံ့ပေးအပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ် အခမ်းအနားသို့ တက်ရောက်လာကြသည့် ဝန်ထမ်းများအား ရင်းရင်း နှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)