မြစ်ကြီးနားမြို့၌ ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း သင်တန်းကျောင်း ဖွင့်ပွဲကျင်းပ

မြစ်ကြီးနား ဖေဖော်ဝါရီ ၂၉

ကချင်တစ်မျိုးသားလုံး၏ ယဉ်ကျေးမှုဆိုင်ရာ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ကာကွယ်ရေးနှင့် သက်ဆိုင်သော ပဒန်ရှရီ (Padang Shayi) ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း သင်တန်းကျောင်းဖွင့်ပွဲ (ကောင်းချီးခံယူဆုတောင်းဝတ်ပြုပွဲ) အခမ်းအနားကို ဖေဖော်ဝါရီ (၂၇) ရက် နံနက် ၁၀ နာရီက မြစ်ကြီးနားမြို့၊ ပ.လ.န၊ အမှတ် (၂) ကံ့ကော်မြိုင်ကျေးရွာရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားမှူး အမှုတော်ဆောင်ဆရာ ဦးဇော်အောင်က အဖွင့်နှုတ်ကပတ်တော် ဖတ်ကြားကာ တက်ရောက်လာသည့် ဧည့်သည်တော်များ၊ အသင်းသူ/အသင်းသားများနှင့်အတူ ဓမ္မတေးသီချင်းဖြင့် ချီးမွမ်းသီဆိုခဲ့ကြပြီး သင်းအုပ်ဆရာ ဦးလဆိုင်းက အဆိုပါ သင်တန်းကျောင်းအတွက် ပြည့်စုံဆုတောင်းပေးခြင်း၊ သမ္မာကျမ်းစာဝေငှခြင်းနှင့် ကောင်းချီးပေး ဆုတောင်းပေးခဲ့သည်။

အဆိုပါ သင်တန်းကျောင်းကို ဒေသခံတိုင်းရင်းသူ အမျိုးသမီးများ ရိုးရာအမွေအနှစ်ကို ချစ်မြတ်နိုးတတ်စေရန်နှင့် အလုပ်အကိုင် အခွင့်အလမ်းများ ပိုမိုရရှိလာစေရန် ရည်ရွယ်ဖွင့်လှစ်ကြောင်း၊ ၂၀၂၀ ခုနှစ်နောက်ပိုင်းကာလများတွင် ကချင်ရိုးရာအထည်များသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဈေးကွက်တွင် ရောင်းအားအကောင်းဆုံးဖြစ်ပြီး အဆိုပါ ကချင်ရိုးရာ ဂျပ်ခုတ်နှင့် ရက်ကန်းလုပ်ငန်း ကျွမ်းကျင်သူများအနေဖြင့် အနည်းဆုံး တစ်လဝင်ငွေကျပ် (၈) သိန်းဝန်းကျင်ရှိကြောင်း ပဒန်ရှရီ (Padang Shayi) သင်တန်းကျောင်း တည်ထောင်သူ ဒေါ်အင်ဒဲဂျာဆမ်အောင်ထံမှ သိရသည်။

ယော်ဆောင်(ပြန်/ဆက်)