စဉ့်ကိုင် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တအုံကျေးရွာရှိ ကွန်ပျူတာတက္ကသိုလ် (မန္တလေး)၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီက အဆိုပါတက္ကသိုလ်ရှိ ပင်မအဆောင် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ကွန်ပျူတာတက္ကသိုလ်(မန္တလေး)မှ ဒုတိယပါမောက္ခချုပ် ဒေါက်တာစန်းစန်းတင့် ၊ပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ သင်တန်းသား/သူများ စုစုပေါင်းလူဦးရေ (၃၉၅)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ (ကိုယ်စား)၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်က ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားရှိမှု ၊ ပြည်သူ့စစ်မှုထမ်းရန် ကြာမြင့်မည့် အချိန်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွှဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဌာန်းချက်များနှင့် စိုးရိမ်ရန်မလိုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကောလာဟလ သတင်းများ ပျံ့နှံ့လာမှုအပေါ် ယုံကြည်မှု မရှိစေရန်နှင့် သတင်းမှန်များကို သိရှိစေရန် နိုင်ငံတော်မှ အချိန်နှင့် တစ်ပြေးညီ ထုတ်ပြန်ထားရှိမှု အခြေအနေများအား လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်က ၅၀၅(က) ဆက်သွယ်ရေးဥပဒေနှင့် အီလက်ထရောနစ်ဆိုင်ရာ ဥပဒေများနှင့် ပတ်သက်သည့် အသိပညာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်အတူ အဖွဲ့ဝင်များ၊ ဒုတိယ ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းတင့်နှင့် ပါမောက္ခများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)