ပျော်ဘွယ်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများကို ကျေးရွာများအရောက် ရှင်းလင်းဆွေးနွေး

ပျော်ဘွယ် ဖေဖော်ဝါရီ ၂၈

ပျော်ဘွယ်မြို့နယ်၊ ညောင်ရွှေကျေးရွာအုပ်စု၊ ညောင်နွယ်(တ)ကျေးရွာ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ဖေဖော်ဝါရီလ(၂၈)ရက်၊ နံနက်(၉)နာရီခွဲက အဆိုပါကျေးရွာဘုန်းတော်ကြီးကျောင်း ဓမ္မာရုံတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်က ကျေးရွာပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့်ပတ်သက်၍ ဖြစ်ပေါ်နေသည့် မဟုတ်မမှန်သတင်းများကို မယုံကြည်ကြရန် လိုအပ်ကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သိရှိလိုပါက သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းများထံတွင် စုံစမ်းမေးမြန်းနိုင်သကဲ့သို့ သတင်းစာများ၊ တီဗီများတွင် ရေးသား၊ ထုတ်လွှင့်နေသည့်အတွက် လေ့လာနိုင်ပါကြောင်းတို့ကို ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြို့နယ်ဒုတိယဥပဒေအရာရှိ ဦးအောင်ကျော်စိုးမိုးက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ပြစ်မှုပြစ်ဒဏ်များ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ရှိသူများ စသည့်အကြောင်းအရာများကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးကာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် လက်ကမ်းစာစောင်များကိုလည်း ကျေးရွာပြည်သူများထံသို့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)