ချမ်းမြသာစည် ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ချမ်းမြသာစည်မြို့နယ်၊ ရှမ်းစုဘူတာနှင့် မြို့ဟောင်းဘူတာအကြား ရထားလမ်းတစ်လျှောက်လမ်းဘေး ဝဲ/ယာ သန့်ရှင်းသာယာလှပရေးအတွက် ယနေ့နံနက် ၇ နာရီက စုပေါင်းသန့်ရှင်းရေး ပြုလုပ်ခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို မြို့နယ်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးကျော်မျိုးနိုင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးဝေဖြိုးအောင်၊ အဖွဲ့ဝင်(၂)ဦးဇော်ဝင်း၊ အတွင်းရေးမှူး ရဲမှူး ဇော်ဝင်းကျော်တို့မှ ကြီးကြပ်၍ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ၀န်ထမ်းများ၊ မြို့တော်စည်ပင်သာယာရေးကော်မတီ၊ သန့်ရှင်းရေးဌာနမှ ၀န်ထမ်းများ၊ မီးရထား၀န်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့၀င်များ၊ပြည်သူများဖြင့် ရှမ်းစုဘူတာနှင့် ဦးပွားဂုံးကျော်နေရာများ၊ မြို့ဟောင်းဘူတာ ရထားလမ်းဘေးဝဲ/ယာများရှိ ခြုံနွယ်များ၊ အမှိုက်သရိုက်များကို လူအား/စက်အားဖြင့် စနစ်တကျ ဖယ်ရှားရှင်းလင်းခဲ့ကြသည်။
အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေသည့် နေရာများသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးမြို့ စည်ပင်သာယာရေးဝန်ကြီး ဦးကျော်ဆန်း၊ မြန်မာ့မီးရထား (အထက်မြန်မာပြည်) အထွေထွေမန်နေဂျာ ဦးစိုင်းသော်လင်းတို့အဖွဲ့သည် စက်ခေါင်းအမှတ် RBE -3038 ရထားဖြင့် မန္တလေးဘူတာကြီးမှ မြို့ဟောင်းဘူတာ သံလမ်းတလျှောက်သို့ ရောက်ရှိပြီး စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုများအား လိုက်လံကြည့်ရှုအားပေးခဲ့ကြကြောင်း သတင်းရရှိသည်။
ချမ်းမြေ့