ညောင်ဦး ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ ဘုရားဖူးလေ့လာရေးလာရောက်ခဲ့ပါက ပုဂံဒေသရှိသမိုင်းအထင်ကရဘုရားများကိုဖူးမြော်ပြီး ရွှေစည်းခုံဘုရား အရှေ့ဘက်စောင်းတန်းမြောက်ဘက်ကပ်လျက်ရှိ သူဌေးဂူဘုရားအတွင်း ထိုင်တော်မူ၊ ရပ်တော်မူဘုရားတို့ကိုဖူးမြော်ပြီး အလွန်ရှေးကျသည့် နံရံဆေးရေးပန်းချီများနှင့် တည်ဆောက်ပုံဗိသုကာပညာရပ်တို့ကို လေ့လာနိုင်ကြောင်း သိရသည်။
သူဌေးဂူဘုရားသည် ညောင်ဦးမြို့ အံဖွယ်ကိုးစုံရွှေစည်းခုံဘုရားကြီး အရှေ့ဘက် စောင်းတန်း မြောက်ဘက်ကပ်လျက်တည်ရှိသည်။ နရပတိစည်သူမင်းလက်ထက် သက္ကရာဇ် ၅၅၉ ခုနှစ်တွင် ဇေယျသူဌေးနှင့် မင်းသမီးတစ်ဦးတို့ တည်ထားကိုးကွယ်ခဲ့ခြင်းဖြစ်ပြီး ရေးထိုးထားသည့် အဆိုပါကျောက်စာ ကျောက်စာအမှတ် ၁၆၀ ဖြစ်သည်။ အဆိုပါကျောက်စာကို ပုဂံရှေး ဟောင်းသုတေသနပြတိုက်တွင် ထိန်းသိမ်းပြသထားကြောင်း သိရသည်။
သူဌေးဂူဘုရားကြီးလိုဏ်အတွင်း ပလ္လင်တော်ပေါ်၌ အတော်အသင့်ကြီးမားသည့် အရှေ့ဘက်မျက်နှာမူ ထိုင်တော်မူဆင်းတုတော်တစ်ဆူတည်ရှိကာ မတ်ရပ်ဆင်းတုတော်တစ်ဆူကိုလည်း လိုဏ်အတွင်းဖူးတွေ့နိုင်ကြောင်း၊ ဂူဘုရားအတွင်း အလင်းကောင်းစွာ ဝင်ရောက်နိုင်ရန် အလင်းဝင်ပေါက်စနစ်ကိုလည်း တိုက်မနံရံများတွင် တံခါးပေါက်များသဖွယ် အပေါက်ငယ်များစွာဖြင့် အလင်းဝင်ရောက်မှုကြောင့် ဂူဘုရားတိုက်မအတွင်း အလင်းရောင်ကောင်းစွာဖြင့် ထိုင်တော်မူနံရံဆေးရေးပန်းချီများ၊ မုခ်ကပ်များ၊ တိုက်မနံရံအမိုးရှိ အဝိုင်းကွက်များအတွင်း ရေးဆွဲထားသည့် နံရံပန်းချီများကိုလေ့လာတွေ့ရှိနိုင်သည်။
သူဌေးဂူဘုရားသည် နှစ်ထပ်လိုဏ်ဂူဘုရားဖြစ်ပြီး အပေါ်ထပ်သို့တက်ရန် လှေကားရှိပြီး ဂူဘုရားကြီး တည်ဆောက်ပုံဗိသုကာပညာရပ်တို့ကိုလည်း လေ့လာနိုင်ကြောင်း သိရသည်။
ဒီပါလင်း