ကျောက်ဖြူခရိုင်၌  Grade-9 နှစ်ဆုံးစာမေးပွဲ နောက်ဆုံးနေ့ သိပ္ပံဘာသာရပ်ကို အေးချမ်းစွာ ဖြေဆိုပြီးစီး

ကျောက်ဖြူ  ဖေဖော်ဝါရီ  ၂၈

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-9 နှစ်ဆုံးစာမေးပွဲကို သက်ဆိုင်ရာစာစစ်ဌာနအလိုက် ကျင်းပပြုလုပ်လျက်ရှိရာ ယနေ့နံနက်ပိုင်းက Grade -9 စာမေးပွဲ နောက်ဆုံးနေ့ သိပ္ပံဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆို ပြီးစီးပြီဖြစ်သည်။

ကျောက်ဖြူခရိုင်၌ အခြေခံပညာအလယ်တန်းအဆင့် Grade-9 သင်ရိုးဟောင်း နှစ်ဆုံးစာမေးပွဲကို စာစစ်ဌာန(၁၃၈)ခုဖြင့် ကျင်းပပြုလုပ်ခဲ့ပြီး သိပ္ပံဘာသာရပ်အား ကျောင်းသား၊ကျောင်းသူ ၂၄၃၁ ဦးတို့က ဝင်ရောက်ဖြေဆိုကာ ဖြေဆိုမှုရာခိုင်နှုန်း (၆၈) ရာခိုင်နှုန်းရှိကြောင်း ခရိုင်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ စာမေးပွဲအား ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက် စာစစ်ဌာန ကြီးကြပ်ရေးအဖွဲ့များ၊ တာဝန်ကျဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိပြီး ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်ပညာရေးမှူးနှင့် တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရှိရသည်။

တင်ထွန်းဦး၊ ဖြိုးဝေလင်း(ပြန်/ဆက်)