ညောင်ဦး ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်ဖြစ်ရာ အဆိုပါလုပ်ငန်းများအတွက် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်သည်နှင့်အညီ ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု၊ မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အလုပ်ရုံများ၊ ဟိုတယ်/မိုတယ်/တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ စျေးများ၊ ဌာနဆိုင်ရာရုံးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေးဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်း လုပ်ငန်းများကို မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန်တိုးမြှင့် ဆောင်ရွက်လျက်ရှိသည်။
ယနေ့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင်လည်း မြို့နယ်မီးသတ်ဦးစီးမှူး၏ အနီးကပ်ကြီးကြပ်မှုနှင့်အတူ ညောင်ဦးမြို့နယ် ငါ့သရောက်မြို့၊ အမှတ် ၂ ရပ်ကွက်၊ စျေးကုန်းရပ်ရှိ SUPER STAR စက်သုံးဆီအရောင်းဆိုင်နှင့် ငါ့သရောက်မြို့၊ ဆည်ကျေးရွာရှိ လင်းသန့် စက်သုံးဆီအရောင်းဆိုင်များ မီးဘေးကြိုတင်ကာကွယ်ရေးအတွက် ငါ့သရောက်နယ်မြေ မီးသတ်စခန်းမှ စခန်းတာဝန်ခံ လက်ထောက်မီးသတ်ဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်သော တပ်ဖွဲ့ဝင်များမှ စက်သုံးဆီအရောင်းဆိုင်များတွင် လိုက်နာဆောင်ရွက်ရမည့် မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ စည်းကမ်းချက်များအား ရှင်းလင်းပြောကြားခြင်း၊ စက်သုံးဆီအရောင်းဆိုင်များတွင် ဖြည့်တင်းထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးပစ္စည်းများ အသင့်အနေအထားရှိ/မရှိနှင့် စွမ်းအားပြည့် ကောင်းမွန်စွာ အသုံးပြုနိုင်ခြင်းရှိ/မရှိ စစ်ဆေးအကြံပြုခြင်း၊ လိုအပ်သည်များ ထပ်မံဖြည့်တင်းစေခြင်း၊ စက်သုံးဆီအရောင်း ဆိုင်ဝန်ထမ်းများအနေဖြင့် မိမိတို့ဆိုင်တွင် အသင့်ဖြည့်တင်းထားရှိသော မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ ပစ္စည်းများအား အရေးပေါ်အခြေအနေနှင့် ရင်ဆိုင်ရပါက ကျွမ်းကျင်ပိုင်နိုင်စွာ ကိုင်တွယ်အသုံးပြုတတ်စေရေးအတွက် အသိပညာပေးခြင်း၊ မီးဘေးကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာပေး ဟောပြောပို့ချခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ပေးခြင်း၊ အရေးပေါ်မီးငြှိမ်းသတ်ရေး လုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှုအခြေအနေများအား စစ်ဆေးအကြံပြုခြင်းနှင့် မီးသတိမူရေးနှင့် အရေးပေါ်တယ်လီ ဖုန်းနံပါတ်ပါ ဗီနိုင်းစာဆောင်များ ချိတ်ဆွဲပေးခြင်းတို့အား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
ဒီပါလင်း