ညောင်ဦးမြို့နယ်ရှိ ရပ်ကွက်/ကျေးရွာများတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာ ဆွေးနွေးပွဲ ကွင်းဆင်းဆောင်ရွက်

ညောင်ဦး  ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ် ရပ်ကွက်/ကျေးရွာများ၊ ဒေသခံပြည်သူများ ပြည်သူ့စစ်မှုထမ်းဥပဒေထုတ်ပြန်ချက်များနှင့်ပတ်သက်၍ သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ ယမန်နေ့ နံနက် ၁၀ နာရီအချိန်က စတင်ကာ ကျေးရွာ/ရပ်ကွက်များသို့ အသိပညာပေး ဆွေးနွေးပွဲဆောင်ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲတွင် ညောင်ဦးမြို့နယ် ရဲတပ်ဖွဲ့မှူးရဲမှူး သက်နိုင်ဦး၊ ညောင်ဦးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီထွန်း၊ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သူဇာစိုး၊ ညောင်ဦးမြို့နယ် ဒုတိယဥပဒေအရာရှိ ဦးသက်နိုင်ထွန်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းရမည့် အသက်အရွယ်၊ စစ်မှုထမ်းရမည့် ကာလနှင့် ကင်းလွတ်ခွင့်ရှိသူများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ဥပဒေလုပ်ထုံးလုပ်နည်းများအား ဖျောက်ဆိပ်ပင်ကျေးရွာနေပြည်သူများအား လည်းကောင်း၊ မွန်းလွဲပိုင်းတွင် ကုန်းတန်းကြီးကျေးရွာနေ ပြည်သူများအားလည်းကောင်း အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးနောက် တက်ရောက်လာသူများအား ညောင်ဦးမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ညောင်ဦးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးလက်ကမ်းစာစောင်များကို အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း