ပြင်ဦးလွင်ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ပွဲစဉ်(၃) ဖွင့်ပွဲအခမ်းအနားကျင်းပ

ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၈

ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြင်ဦးလွင်မြို့နယ် ပိုက်ကျော်ခြင်း ဆပ်ကော်မတီနှင့် ဝါသနာတူပိုက်ကျော်ခြင်း ညီအစ်ကိုများ ပူးပေါင်းကျင်းပသော ပွဲစဉ်(၃) ပြင်ဦးလွင်ဖိတ်ခေါ်ပိုက်ကျော်ခြင်းပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ပြင်ဦးလွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ရှိ ခြင်းကွင်း၌ ကျင်းပခဲ့သည်။

အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင်နှင့် မြို့နယ်ဌာနဆိုင်ရာများမှ ဖိတ်ကြားထားသော တာဝန်ရှိသူများ၊ မြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ၊ မြို့နယ်တပ်ဖွဲ့မှူးနှင့် အဖွဲ့ဝင်များ၊ ပြင်ဦးလွင်မြို့နယ် ပိုက်ကျော်ခြင်းဆပ်ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဒိုင်အဖွဲ့ဝင်များ၊ ပံ့ပိုးကူညီပေးကြသည့် လုပ်ငန်းရှင်များ၊ ပိုက်ကျော်ခြင်းပြိုင်ပွဲဝင်အားကစားသမားများနှင့် ပိုက်ကျော်ခြင်းအားကစားကို စိတ်ပါဝင်စားသူများတက်ရောက်သည်။

ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဝါဝါလွင်က အဖွင့်အမှာစကားပြောကြားပြီး ပြိုင်ပွဲစည်းမျဉ်း စည်းကမ်းများကို မြန်မာနိုင်ငံပိုက်ကျော်ခြင်းအဖွဲ့ချုပ် ဒိုင် ဦးကျော်စိုးက ရှင်းလင်းပြောကြားပြီး ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းသည်။

ပြိုင်ပွဲကို နှစ်လလျှင်တစ်ကြိမ် စစ်ကိုင်း၊ မန္တလေး၊ ပြင်ဦးလွင်မှ ပိုက်ကျော်ခြင်းအားကစားသမားများ စုပေါင်း၍ ပွဲစဉ်အလိုက် အလှည့်ကျကျင်းပခြင်းဖြစ်ပြီး ယခုပွဲစဉ် (၃)အဖြစ် ပြင်ဦးလွင်မြို့တွင် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ပြိုင်ပွဲတွင် နှစ်ယောက်တွဲအသင်း ၂၁ သင်း၊ သုံးယောက်တွဲအသင်း ၃၀၊ စုစုပေါင်း ၅၁ သင်းတို့က အုပ်စု (က)မှ အုပ်စု(စ) အထိ လေးရက်ကြာယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။

ဖြူလူသစ် (ခရိုင် ပြန်/ဆက်)