မိတ္ထီလာမြို့နယ်တွင် ငလျင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်းအနားကျင်းပ

မိတ္ထီလာ  ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် ခရိုင်မီးသတ်ဦးစီးမှူးရုံး၏ ငလျင်သရုပ်ပြဇာတ်တိုက် လေ့ကျင့်ခြင်းအခမ်းအနားကို ဖေဖော်ဝါရီလ ၂၈ ရက်နေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် မီးသတ်စခန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ငလျင်သရုပ်ပြ ဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားတွင် ရှာဖွေကယ်ဆယ်ရေးမီးသတ်တပ်ဖွဲ့ဝင်များနှင့် မီးငြှိမ်းသတ်ရေးတပ်ဖွဲ့ဝင်များက  ငလျင်သရုပ်ပြ ရှာဖွေကယ်ဆယ်ခြင်းကို ASR Level (၅)ခုဖြင့် ကယ်ဆယ်ငြှိမ်းသတ်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားခြင်းဖြစ်ပါကြောင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင် ငလျင်ဘေးအန္တရာယ်ကြောင့် အခင်းဖြစ်ပွားရာနေရာ၌ ထိခိုက်ပျက်စီးမှု ဧရိယာအကျယ်အဝန်းအား ခြုံငုံ၍ Dron များ၊ GPS ၊ ဓါတ်ပုံ၊ ဗီဒီယိုများ၊ ရှာဖွေကယ်ရေးခွေးများဖြင့် ပြိုကျပိတ်မိနေသော လူနာများအား ရှာဖွေခြင်း၊ အဆောက်အဉီ ထိခိုက်ပျက်စီးမှုများ ရှာဖွေခြင်း၊ ရှင်းလင်းခြင်းအပြင် မီးလောင်မှု၊ ဓါတ်ငွေ့ယိုစိမ့်မှု ရှိ/မရှိ စစ်ဆေးခြင်း၊ လူနာများအား ဦးစားပေး အဆင့်အတန်းအလိုက် အရောင်များသတ်မှတ်ကာ စနစ်တကျကယ်ဆယ်ခြင်း၊  အဆောက်အဉီ အပျက်အစီးများနှင့် ပြိုကျပိတ်မိနေသောထိခိုက် လူနာများအား ရှာဖွေကယ်ဆယ်ခြင်း၊ ဖယ်ရှာခြင်းလုပ်ငန်းများကိုအဆင့်အလိုက် ဇာတ်တိုက်လေ့ကျင့် သရုပ်ပြခဲ့ကြောင်း  ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းထံမှ သိရသည်။

အဆိုပါ ငလျင်သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်းအခမ်းအနားကို မိတ္ထီလာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ ဒုတိယဗိုလ်မှူးကြီး ဝင်းမင်းထွန်းနှင့် အဖွဲ့ဝင်များ၊ ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးလွှမ်းမိုးဟန်၊ မိတ္ထီလာမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်မီးသတ်ဦးစီးမှူး ဦးကျော်ဆန်းနှင့် မိတ္ထီလာ၊ မလှိုင်၊ သာစည်၊ ဝမ်းတွင်း မြို့နယ်များမှ မြို့နယ်မီးသတ်ဦးစီးမှူးများ၊ မီးသတ်တပ်ဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း  သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)