ဇေယျာသီရိ နိုဝင်ဘာ ၃
ဇေယျာသီရိမြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ (၈) ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မဲရုံများ ပြင်ဆင်ထားရှိမှု အခြေအနေကို ယနေ့နံနက် (၁၀)နာရီက ရေဆင်းကျေးရွာအုပ်စု၊ ရေဆင်း ကျေးရွာ မဲရုံအမှတ်(၆)နှင့် သစ်တပ်ကျေးရွာအုပ်စု ၊ ရှားစေးဖိုကျေးရွာ မဲရုံအမှတ်(၄) တို့အား တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သူစိုး ၊ အဖွဲ့ဝင် ဦးနိုင်လင်း နှင့် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌတို့က ပြည်သူများလာရောက်မဲပေးရာတွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မရှိစေရေး၊ လူစုလူဝေး မဖြစ်ပေါ်စေရေးအတွက် ကျန်းမာရေး နှင့် အားကစားဝန်ကြီးဌာနက လမ်းညွှန်ချက်များနှင့်အညီ စီစဉ်ဆောင်ရွက်ထားရှိမှုနှင့် ယာယီမဲရုံဆောက်လုပ်နေမှုများကို ကွင်းဆင်းစစ်ဆေးခဲ့ပြီး မဲရုံတွင် လိုအပ်နေမှုများကို တာဝန်ရှိသူများအား မှာကြားခဲ့သည်။
ဇေယျာသီရိမြို့နယ်တွင် ရပ်ကွက် (၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၁၃) အုပ်စုရှိပြီး စုစုပေါင်းမဲရုံ(၇၄)ရုံ၊ မဲဆန္ဒရှင်စုစုပေါင်း(၈၂၁၇၄)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးအောင်သူစိုးထံမှသိရသည်။
သဲစုလွင်(ဇေယျာသီရိပြန်/ဆက်)