ကျောက်ပန်းတောင်း ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ရှင်းလင်းဆွေးနွေးပွဲများကို၊ ကျေးရွာများအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီက အင်တောကျယ် ကျေးရွာအုပ်စု၊ အင်တောကျယ်ကျေးရွာရှိ ရွာလယ်ဓမ္မာရုံတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရှင်းလင်းဆွေးနွေးပွဲမစတင်မီ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ လမ်းပြကြယ် လက်ကမ်းစာစောင်များကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဝန်ထမ်းများက တက်ရောက်လာသည့် ကျေးရွာပြည်သူများထံ ဝေငှပေးကြသည်။ ယင်းနောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်(၁)ဗိုလ်မှူး နောင်ထွန်းနီတို့က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးကြပြီးအဖွဲ့ အတွင်းရေးမှူး ရဲမှူး စိုးအောင်က လုံခြုံရေးနှင့် တရားဥပဒေ စိုးမိုးရေးဆိုင်ရာကိစ္စများကို ရှင်းလင်းဆွေးနွေးပြောကြားသည်။
အဆိုပါ ရှင်းလင်းဆွေးနွေးပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ အင်တောကျယ်ကျေးရွာနှင့် အင်တောကျယ်ကျေးရွာများမှ ဒေသခံပြည်သူများ စုစုပေါင်းအင်အား(၂၇၅)ဦးတက်ရောက်ခဲ့ကြကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)