နေပြည်တော် ဖေဖော်ဝါရီ ၂၈
နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၄) အစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ(၁)၌ ကျင်းပရာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ ဖြစ်ကြသည့် ဗိုလ်မှူးကြီးရဲမိုးနှင့် ဦးဇေယျာလင်း၊ နေပြည်တော်ကောင်စီရင်းနှီး မြှုပ်နှံမှုကော်မတီအတွင်းရေးမှူးနှင့် ကော်မတီဝင်များတက်ရောက်ကြသည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေး လုပ်ငန်းများကို အားသွန်ခွန်စိုက် ဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ဖိတ်ခေါ်ပြီး နိုင်ငံတော်အစိုးရ၏ မူဝါဒ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဒေသအတွင်း စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရေးကို အကောင်အထည်ဖော် ဆောင်ရွက်ရန်လိုအပ်ပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းသစ်များ ပိုမိုခွင့်ပြုနိုင်ခြင်းနှင့် လက်ရှိရင်းနှီး မြှုပ်နှံမှုများတိုးချဲ့ ဆောင်ရွက်ခြင်းဖြင့် အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုဖန်တီးပေးနိုင်ခြင်း၊ ဝင်ငွေတိုးတက်ရရှိခြင်း၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု ပိုမိုအားကောင်းလာမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းသည် ဒေသန္တရဖွံ့ဖြိုး တိုးတက်မှုအတွက် သာမက တိုင်းပြည်၏ ပြည်တွင်းထုတ်ကုန်တန်ဖိုး GDP ကို တိုင်းတာတွက်ချက်ရာတွင် အရေးပါသည့် Indicator တစ်ခုအနေဖြင့် ပါဝင်နေပါကြောင်း၊ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးလုပ်ငန်းများ အဆင်ပြေချောမွေ့စေရေးအတွက် ကော်မတီအဖွဲ့ဝင်များ၊ သက်ဆိုင်ရာဌာနများနှင့် တာဝန်ရှိသူများက အချိတ်အဆက်မိမိ ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ကြောင်း ပြောကြားသည်။
ယင်းနောက် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၊ အတွင်းရေးမှူး ဒေါ်ယဉ်ယဉ်နွယ်က သက်ဆိုင်ရာကုမ္ပဏီ၏ အတည်ပြုလျှောက်ထားလွှာ တင်ပြလာခြင်းနှင့်စပ်လျဉ်း၍လည်းကောင်း၊ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးလုပ်ငန်း ဆောင်ရွက်မှု အခြေအနေများကို လည်းကောင်း ရှင်းလင်းတင်ပြပြီး ကော်မတီအဖွဲ့ဝင်များက သက်ဆိုင်ရာ ကဏ္ဍများအလိုက် အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)