ကျောက်ဆည်တက္ကသိုလ်၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကျင်းပ

စဉ့်ကိုင် ဖေဖော်ဝါရီ  ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာရှိ ကျောက်ဆည်တက္ကသိုလ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အဆိုပါတက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့် အဖွဲ့ဝင်များ၊ ကျောက်ဆည် တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာရီရီဦး၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခဌာနမှူးများ၊ ကထိကများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ နေ့သင်တန်းသား/သူများ စုစုပေါင်းလူဦးရေ (၆၉၉)ဦး  တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် စဉ့်ကိုင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် ပတ်သက်၍ ဥပဒေပြဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ စစ်မှုထမ်းရမည့် အသက်အရွယ် အပိုင်းအခြား သတ်မှတ်ထားရှိမှု၊ ပြည်သူ့စစ်မှုထမ်းရန် ကြာမြှင့်မည့် အချိန်ကာလ၊ စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုသည့် အချက်များ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ရှောင်လွဲပါက ကျခံရမည့်ပြစ်ဒဏ်များ၊ ဥပဒေပါပြဋ္ဌာန်းချက်များနှင့် စိုးရိမ်ရန်မလို စသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်သည့် အကျိုးခံစားခွင့်များ၊ ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန် ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ယက် စာမျက်နှာများတွင် ပြည်သူလူထု အထင်အမြင် လွဲမှားစေရန် ရည်ရွယ်ချက်ဖြင့် ကောလဟာလသတင်းများ ပျံ့နှံ့လာမှုအပေါ် ယုံကြည်မှု မရှိစေရန်နှင့် သတင်းမှန်များကို သိရှိစေရန် နိုင်ငံတော်မှ အချိန်နှင့် တပြေးညီ ထုတ်ပြန်ထားရှိမှု အခြေအနေများအား လေ့လာဖတ်ရှုရန်လိုအပ်ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းနှင့် ဝန်ထမ်းများက တက်ရောက်လာသူများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အတူ အဖွဲ့ဝင်များ၊ ပါမောက္ခချုပ်ဒေါက်တာ ရီရီဦးနှင့် ဒုတိယပါမောက္ခများက အမှတ်တရ စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံများ ရိုက်ကူးခဲ့ကြကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)