ကျိုင်းတုံ နိုဝင်ဘာ ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ နိုဝင်ဘာ ၈ ရက်နေ့၌ ကျင်းပပြုလုပ်မည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် အသုံးမည့် ဆန္ဒမဲလက်မှတ်များနှင့် မဲရုံးသုံးပစ္စည်းများကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးက ယနေ့ နံနက်ပိုင်းမှစ၍ စတင်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးသန်းဝင်းနှင့် အတွင်းရေးမှူး ဒေါ်ဆုမွန်ကျော်တို့မှ ကြီးကြပ်၍ အဖွဲ့ဝင်များက ဆန္ဒမဲလက်မှတ်များ၊ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များအား တိုက်ဆိုင်စစ်ဆေးခြင်းနှင့် သတင်းတု၊ သတင်းယောင်များ ပျံ့နှံ့မှုကိုတားဆီးခြင်း လက်ကမ်းစာစောင်များနှင့် ကိုဗစ်-၁၉ရောဂါ နှင့်ပတ်သက်၍ မဲဆန္ဒရှင်များ ဘေးကင်းလုံခြုံစွာ မဲပေးနိုင်ရေး အသိပညာပေး လက်ကမ်းစာစောင်များ၊ ဗွီနိုင်းပိုစတာများကို စနစ်တကျ ထုတ်ပေးလျက်ရှိရာ ရပ်ကွက်/ ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့် မဲရုံမှူးများက လာရောက်ထုတ်ယူလျက်ရှိသည်။
အဆိုပါပစ္စည်းများကို ကျိုင်းတုံမြို့ရှိ မြို့ပေါ်ရပ်ကွက်(၅)ရပ်ကွက်နှင့် ကျေးရွာအုပ်စု (၃၁)အုပ်စုမှ မဲရုံပေါင်း (၁၂၀)အတွက် ထုတ်ပေးသွားမည်ဖြစ်ပြီး နိုဝင်ဘာလ(၈)ရက်နေ့၌ မဲပေးခွင့်ရှိသူ(၁၀၇၃၃၇)ဦး ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ သိရသည်။
စိုင်းရွေအောင်(ခရိုင်ပြန်/ဆက်)