ပြင်ဦးလွင် ဖေဖော်ဝါရီ ၂၈
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး ဟူသည့် ဒို့တာဝန် အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယမန်နေ့ မွန်းလွဲ ၁၃ နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၁၇) ရှိ အနီးစခန်း ရွှေထိပ်တန်းခန်းမ၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
ရှေးဦးစွာ အခမ်းအနားတွင် ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များအား ရှင်းလင်းပြောကြားပြီး အဖွင့်အမှာစကား ပြောကြား သည်။ ဆက်လက်၍ ပြင်ဦးလွင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာနှင့် ပတ်သက်၍ ပြည်သူ့စစ်မှုထမ်းဥပဒေ ပေါ်ပေါက်လာပုံ၊ ဥပဒေ၏ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်း ဥပဒေပါ ပြဋ္ဌာန်းချက်များအား Powerpoint ဖြင့် ရှင်းလင်းဆွေးနွေးသည်။ ဆက်လက်၍ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယမင်းလှိုင်က ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ “သတင်းစကားလက်ကမ်းစာစောင်”ပါ အကြောင်း အရာများ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေနှင့် စပ်လျဉ်း၍ လူမှုကွန်ရက်များတွင် မဟုတ်မမှန် ဝါဒဖြန့်ချိမှုများ၊ ကောလာဟလ သတင်းမှားများကြောင့် ပြည်သူများ ထင်ယောင်ထင်မှား မဖြစ်စေရန်အတွက် သိရှိလိုသည့် အချက်များကို ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး ဗဟိုအဖွဲ့၏ ဖုန်းနံပါတ်များသို့ ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ကြောင်း ရှင်းလင်းပြောကြားသည်။
ထို့နောက် အခမ်းအနားသို့ တက်ရောက်လာသူများက သိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ ပြင်ဦးလွင်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခေတ္တခရိုင်အုပ်ချုပ်ရေးမှူး ဦးသန့်ဇော်ဦးက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ် အမှာစကား ပြောကြားကာ အခမ်းအနားကို အောင်မြင်စွာ ရုပ်သိမ်းခဲ့ကြသည်။
အခမ်းအနားသို့ ပြင်ဦးလွင်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ခေတ္တဥက္ကဋ္ဌ ဦးသန့်ဇော်ဦးနှင့် ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတင်အောင်လွင်နှင့် မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများမှ တာဝန်ရှိသူများ၊ ရပ်ကွက်ကြီး (၁၇) အုပ်ချုပ်ရေးမှူးနှင့် ရပ်ကွက်နေပြည်သူများ စုစုပေါင်း (၃၂၄) ဦး တက်ရောက်ခဲ့ကြပြီး အခမ်းအနားတွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များအား အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများနှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ တာဝန်ရှိသူများက ရပ်ကွက်နေ ပြည်သူများ လက်ဝယ်အရောက် ဖြန့်ဝေပေးခဲ့ကြကြောင်း သတင်းရသည်။
ဖြူလူသစ် (ပြန်/ဆက်)