မက်မန်း ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များသိရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ယမန်နေ့မွန်လွဲပိုင်းအချိန်က မက်မန်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် အခမဲ့ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကားလက်ကမ်းစာစောင်တွင် ပြည်သူ့စစ်မှုထမ်းဉပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ “မည်သည့်ကြောင့် ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရသနည်း”၊ ဗိုလ်ချုပ်အောင်ဆန်း၏ ၁၉၄၇ခုနှစ်၊ ဇူလိုင်လ၁၃ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင် ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသော မိန့်ခွန်းမှ ကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဉပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်သည့်အချက်များကို ထည့်သွင်းဖော်ပြထားသည်။
ပြည်သူ့စစ်မှုထမ်းဉပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များကို ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ခရိုင်ရဲတပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများက ဖြန့်ဝေခဲ့ကြပြီး အဆိုပါ လက်ကမ်းစာစောင်ကို ပြန်ကြားနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက အခမဲ့ထုတ်ဝေခြင်းဖြစ်ကြောင်း သိရသည်။
စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)