စစ်တွေ ဖေဖော်ဝါရီ ၂၈
စစ်တွေမြို့အား အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂/၂၀၂၄) ကို ယနေ့နေ့လယ်ပိုင်းက ရခိုင်ပြည်နယ် အစိုးရအဖွဲ့ရုံးအစည်း အဝေးခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးလုပ်ငန်း ကော်မတီဥက္ကဋ္ဌများ ဖြစ်သော ပြည်နယ်အဆင့် ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက ရခိုင်ပြည်နယ်၏ မြို့တော်စစ်တွေမြို့သည် ၂၀၂၃ ခုနှစ်၊ မေလ ၁၄ ရက်နေ့တွင် တိုက်ခတ်ခဲ့သည့် မိုခါဆိုင်ကလုန်းမုန်တိုင်းဒဏ်ကြောင့် မြို့ပေါ်မှာ ပျက်စီးမှုများ များပြားခဲ့ပြီး လမ်း၊ တံတား၊ လျှပ်စစ်၊ ဆက်သွယ်ရေးနှင့် လူနေအဆောက်အဦများ၊ ဌာနဆိုင်ရာရုံးများ၊ သာသနိက အဆောက်အဦများ၊ သစ်ပင်ပန်းမန်များ စသည်ဖြင့်ကဏ္ဍပေါင်းစုံမှာ ပျက်စီးမှုများပြားခဲ့သည့်အတွက် ရှင်းလင်းရေးလုပ်ငန်းများ ဦးစွာဆောင်ရွက်ခဲ့ရကြောင်း၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကိုလည်း အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ခဲ့ရပြီး မိုခါမုန်တိုင်း တိုက်ခတ်ပြီးနောက် တစ်ရက်နေ့မှာပင် နိုင်ငံတော် အကြီးအကဲကိုယ်တိုင် ရောက်ရှိခဲ့ပြီး ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရာမှာ မူလအခြေအနေထက် သာလွန်ကောင်းမွန်စေရေး ဦးတည်ဆောင်ရွက်ရန် လမ်းညွှန်မှုပြုခဲ့ကြောင်း၊ စစ်တွေမြို့ပေါ်၌ မြို့ပြစည်ပင်သာယာ ရေးလုပ်ငန်းများနှင့် ပြည်သူ့အကျိုးပြု ပြန်လည်ထူထောင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာမှာ အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ မူလအခြေအနေထက် ပိုမိုသာလွန်ကောင်းမွန် စေရေးအတွက် ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီက ဌာနမှူး(၅) ဦးကို ဖိတ်ခေါ်၍ စစ်တွေ မြို့ပေါ်မှာ ကွင်းဆင်းလေ့လာစေပြီး ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများအတွက် အကြံဉာဏ်များ ရယူဆောင်ရွက်ခဲ့ကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့်လည်း စစ်တွေမြို့စည်ပင်သာယာရေး လုပ်ငန်းများနှင့် မြို့အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်ရန် သုံးစွဲနိုင်မည့် ရန်ပုံငွေအပေါ် မူတည်၍ ဆောင်ရွက်မည့် လုပ်ငန်းများကိုလည်း လျာထားဆောင်ရွက်ခဲ့ကြောင်း၊ လုပ်ငန်းများ အကောင်အထည်ဖော် ဆောင်ရွက်ရန်အတွက် သက်ဆိုင်ရာ ပြည်နယ်အဆင့် ဌာနအကြီးအကဲများ ပါဝင်သည့် အဖွဲ့များ ဖွဲ့စည်းတာဝန်ပေးအပ်ခဲ့ပြီး လုပ်ငန်းတာဝန်များကိုလည်း သတ်မှတ်ပေးခဲ့ကာ ကော်မတီအလိုက် ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ခွင့်ပြုရန်ပုံငွေများကိုလည်း လျာထားသတ်မှတ် ပေးခဲ့ပြီးဖြစ်ကြောင်း၊ လက်ရှိတွင်လည်း လုပ်ငန်းများကို လုပ်ကိုင်ဆောင်ရွက်နေကြကြောင်း၊ ခွင့်ပြုထားသည့် ငွေကြေးကို အကျိုးရှိရှိ အသုံးချစေလိုကြောင်း၊ ထို့ကြောင့် လုပ်ငန်းကော်မတီများအနေဖြင့် လက်ရှိဆောင်ရွက်ပြီးစီးသည့် လုပ်ငန်းအခြေအနေများ၊ လုပ်ငန်းလုပ်ကိုင်ရာတွင် ကြုံတွေ့ရသည့် အခက်အခဲများ အခြေအနေ၊ ဆောင်ရွက်နေသည့် လုပ်ငန်းများနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအခြေအနေများကို ရှင်းရှင်းလင်းလင်း တင်ပြပေးကြစေလိုကြောင်းနှင့် တက်ရောက်လာကြသူများလည်း ဝိုင်းဝန်းဆွေးနွေးပေးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် စစ်တွေမြို့တော် ပတ်ဝန်းကျင်စိမ်းလန်းစိုပြေရေးနှင့် မြေယာရှုခင်းများ ပြုပြင်ရေး လုပ်ငန်းကော်မတီ၊ မြို့တွင်းလမ်း၊ တံတားနှင့်ရေမြောင်းများ လုပ်ငန်းကော်မတီ၊ ယာဉ်ယန္တရားနှင့် လုပ်အားရရှိရေးလုပ်ငန်းကော်မတီ၊ ပန်းခြံနှင့်အားကစားကွင်းများ ပြင်ဆင်ရေးလုပ်ငန်းကော်မတီတို့မှ ကော်မတီဥက္ကဋ္ဌများက မိမိတို့ကော်မတီအလိုက် လုပ်ငန်းဆောင်ရွက်နေမှု၊ လုပ်ငန်းပြီးစီးမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အခြေအနေများကို ပါဝါပွိုင့်ဖြင့် ရှင်းလင်းတင်ပြကြသည်။
ဆက်လက်၍ ပြည်နယ်အစိုးရအဖွဲ့ဝင်များက တင်ပြချက်များအပေါ် ဖြည့်စွက်ဆွေးနွေးတင်ပြကြပြီး တက်ရောက်လာကြသူများက စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေးနှင့် ပတ်သက်၍ ဝိုင်းဝန်း အကြံပြု ဆွေးနွေးတင်ပြကြသည်။
ဆွေးနွေးတင်ပြချက်များအပေါ် စစ်တွေမြို့တော် အဆင့်မြှင့်တင်ရေး ဦးစီးကော်မတီဥက္ကဋ္ဌ၊ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ဦးထိန်လင်းက လိုအပ်သည်များကို ပြန်လည်ဆွေးနွေးပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သတင်းရသည်။
တင်ထွန်း(ပြန်/ဆက်)