ကျိုက်မရော ဖေဖော်ဝါရီ ၂၈
မော်လမြိုင်ခရိုင်၊ ကျိုက်မရောမြို့နယ်၊ နောင်လုံကျေးရွာကွင်း၌ လယ်မြေလွတ်များတွင် သီးနှံမျိုးစုံအားတစ်နိုင်တစ်ပိုင်စိုက်ပျိုးကြရာ ဆောင်းသီးနှံတစ်မျိုးဖြစ်သည့် အာဟာရပြည့်ပိန်းဥများကို မြေအောက်ရေသွင်း၍ စိုက်ပျိုးကြကြောင်း သိရသည်။
ပိန်းဥပင်မျိုးများကို စိုကိပျိုးရာ၌ ဥမှစပျိုးပြီး ပျိုးပင်များ အရွက်စထွက်လာသောအခါ ပိန်းပင်ငယ်လေးများ နေပူရှိန်ကြောင့် မသေစေရန်နှစ်ရက်တစ်ကြိမ် ရေသွင်းပြီး အပင်နှင့်ဥများ သန်မာထွားကျိုင်းစေရန်ဓာတ်မြေသြဇာနှင့် ရွက်ဖြန်းအားတိုးဆေးများကိုအသုံးပြုရပြီး သုံးရက်တစ်ခါ မြေသြဇာကျွေးပေးရကြောင်း နောင်လုံကွင်း၌ ပိန်းဥတစ်နိုင်တစ်ပိုင် စိုက်ပျိုးသူ ဦးဟာမစ်ကပြောသည်။
ပိန်းဥသည် ရာသီမရွေးစိုက်ပျိုးနိုင်သော သီးနှံဖြစ်ပြီး ရေကြိုက်ကြောင်း၊ ပိန်းဥကို စတင်စိုက်ပျိုးသည့်အချိန်မှစ၍ ရက်ပေါင်းတစ်ရာကြာအောင် စိုက်ပျိုးထားရကြောင်း သင်္ကြန်ကာလအပြီး မိုးတစ်ပြိုက်လေတစ်ပြိုက်တွင် စတင်တူးဖော်ပြီး စျေးကွက်အတွင်း စတင်ရောင်းချလေ့ရှိကြကြောင်း သိရသည်။
ပိန်းဥသည် အာဟာရ ပြည့်ဝသောမီးဖိုချောင်သုံးသီးနှံဖြစ်၍ လူတိုင်းကြိုက်နှစ်သက်သည့် သီးနှံလည်းဖြစ်ကာ ပိန်းဥပင်သည်အရိုးကို ဟင်းခါးချက်စားလျှင်ထမင်းမြိန်စေသည့်အတွက် တစ်ပင်လုံးအသုံးဝင်ကြောင်း၊ ပိန်းဥတွင်ဘီတာမင်အေ အပြည့်အဝပါရှိပြီးအာဟာရ ပြည့်ဝစေပြီးလူမျိုးဘာသာမရွေးစားသုံးနိုင်သောကြောင့် စျေးကွက်ဝင်သီးနှံအဖြစ် နောင်လုံကွင်း၌ အများအပြားစိုက်ပျိုးလာကြကြောင်း သိရသည်။
မိချို ( ပြန်/ ဆက်)