ဗန်းမော် ဖေဖော်ဝါရီ ၂၈
ကချင်ပြည်နယ် ဗန်းမော်မြို့တွင် ပြည်နယ်အစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဗန်းမော်မြို့အတွင်းရှိ တစ်နိုင်တစ်ပိုင် ရာသီသီးနှံစိုက်ပျိုးတောင်သူများ၏ ထွက်ကုန်များကို ဝယ်ယူခဲ့ပြီး မန်စီမြို့နယ်မှ ယာယီနေ့ရပ်စွန့်ခွာအိမ်ထောင်စုများအား ရာသီသီးနှံများ ထောက်ပံ့ပေးအပ်ခြင်းကို ဖေဖော်ဝါရီ ၂၆ ရက် ညနေ ၄ နာရီခန့်က ပေါက်ကုန်းရပ်ကွက်ရှိ သုခဝတီဘုန်းတော်ကြီးကျောင်းနှင့် ဇေယျသုခဘုန်းတော်ကြီးကျောင်းတို့၌ ပေးအပ်ခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်လတ်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ထွန်းတိုးနှင့် အဖွဲ့ဝင်များက မန်စီမြို့နယ် စီခမ်းကြီး၊ စီကော်၊ သံတံတား၊ စီအူ၊ ဟန်ထက်၊ နောင်ဟူး၊ ကုန်းတိမ်၊ မံရ၊ မံသဲ၊ ဂွေ့ကြီး၊ တုံပလွေ၊ နာဇရပ်၊ ဂါးရာယန် တို့မှ လတ်တလောအခြေအနေကြောင့် ဗန်းမော်မြို့တွင်ရောက်ရှိလာကြသော ယာယီနေရပ်စွန့်ခွာ အိမ်ထောင်စုများအား ဆန်၊ ခေါက်ဆွဲခြောက်နှင့် တစ်နိုင်တစ်ပိုင် ရာသီသီးနှံစိုက်ပျိုးတောင်သူများ၏ ရာသီသီးနှံများ အသီးသီးထောက်ပံ့ပေးအပ်ခဲ့ပြီး နေရပ်စွန့်ခွာ မိသားစုဝင်များအား ရင်းရင်းနှီးနှီး တွေ့ဆုံအားပေးစကားများ ပြောကြားခဲ့သည်။
ဖေဖော်ဝါရီ ၂၃ ရက်နေ့ကလည်း ပြည်နယ်ဝန်ကြီးချုပ် သီရီပျံချီ ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့သည် မံစီမြို့နယ်အတွင်းမှ နေရပ်စွန့်ခွာ အိမ်ထောင်စု (၁၅၄) စုအတွက် ပြောင်းရွှေ့စရိတ် (၁၅၄) သိန်းကိုလည်းကောင်း၊ တစ်လစာဆန်ရိက္ခာဖိုးငွေ (၆,၅၅၂,၀၀၀) ကျပ်ကိုလည်းကောင်း၊ ကယ်ဆယ် ရေးပစ္စည်း (၁၆) မျိုးပါ ထောက်ပံ့ရေးပစ္စည်းပုံးများကိုလည်းကောင်း ထောက်ပံ့ပေးအပ်ကြောင်းနှင့် ယခုလက်ရှိတွင် မန်စီမြို့နယ် ကျေးရွာများမှ ဗန်းမော်မြို့ရှိ သာသနိက အဆောက်အဦးများနှင့် ဆွေမျိုးနေအိမ်များသို့ ပြောင်းရွေ့နေထိုင်လာကြသည့် အိမ်ထောင်စုပေါင်း (၂၁၃)စု ၊လူဦးရေပေါင်း (၈၈၆) ဦးတို့ရှိကြောင်း သိရသည်။
ခရိုင် ပြန်/ဆက်