ဇေယျာသီရိ ဖေဖော်ဝါရီ ၂၈
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဇေယျာသီရိမြို့နယ်၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများအား ပြည်သူများသိရှိစေရန် ကျေးရွာများအရောက် ကွင်းဆင်း၍ အသိပညာပေးဟောပြောခြင်းကို ယမန်နေ့ မွန်းလွဲပိုင်းက ခေတ်အေးကျေးရွာ စိုက်ပျိုးစီးပွား အသိပညာပေးစင်တာ၌ ကျင်းပရာ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်၊ အဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်းနှင့် ဦးကြည်နိုင်၊ ခေတ်အေးကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူး၊ ဆယ်အိမ်မှူးများ၊ ရပ်မိ/ရပ်ဖများ၊ ဒေသခံပြည်သူများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ ဇေယျာသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇေထက်အောင်နှင့် အဖွဲ့ဝင် ဗိုလ်မှူး ခိုင်မင်းထွန်းတို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါပြဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ၏ ရည်ရွယ်ချက်များ၊ စစ်မှုထမ်းစနစ်ကိုကျင့်သုံးရခြင်း၏ အကြောင်းအရင်းများ၊ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် အချိန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်၍ သတင်းတု၊ သတင်းမှားများနှင့် ကောလာဟလများ မယုံကြည်ကြစေရန် ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ပြည်သူများ၏ မေးမြန်းချက်ကို ပြန်လည်ဖြေကြားပေးခဲ့ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသည့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)