မိုင်းတုံမြို့၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

မိုင်းတုံ ဖေဖော်ဝါရီ  ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့် နားလည်သိရှိစေရန်နှင့် သတင်းအမှန်များသိရှိကြစေရန် ရည်ရွယ်၍ ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများပူးပေါင်း၍ လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးဦးဆောင်၍ မြို့နယ်ရဲမှူးမြင့်အောင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်မီးသတ်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူတို့က လူစည်ကားရာနေရာများဖြစ်သည့် မိုင်းတုံမြို့ ပန်းခြံထောင့်တွင် ဖြတ်သန်းသွားလာသူများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ ဈေးဆိုင်များသို့  ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပ​​ဒေအ​ကြောင်း သိကောင်းစရာ လက်ကမ်းစာ​စောင်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ မိန့်ခွန်းကောက်နုတ်ချက်နှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေ ရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်း၊ စိုးရိမ်ရန်မလိုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စစ်မှုထမ်းရမည့် အသက်အရွယ်၊ “ဘာကြောင့် ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ”၊ စစ်မှုထမ်းရန်ကာလ စသည်ဖြင့် ထည့်သွင်းဖော်ပြထားကြောင်း သိရှိရသည်။

မျိုးကျော်စိုး(မိုင်းတုံ၊ပြန်/ဆက်)