ဆွမ်ပရာဘွမ်မြို့နယ်၌ တပို့တွဲလ  မြန်မာ့ရိုးရာ ထမနဲထိုးပွဲ ကျင်းပ

ဆွမ်ပရာဘွမ်   ဖေဖော်ဝါရီ ၂၈

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်၊ ဆွမ်ပရာဘွမ်မြို့နယ်တွင် မြန်မာတို့၏ ဆယ့်နှစ်လရာသီပွဲတော် များအနက်  တပို့တွဲလ မြန်မာ့ရိုးရာ ထမနဲထိုးပွဲကို ဖေဖော်ဝါရီ ၂၃ရက် ညနေ ၂နာရီက မြို့မရပ်ကွက်ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ကျောင်းဝင်းအတွင်း၌ မြို့နယ်ဌာနဆိုင်ရာများ စုပေါင်းပြီး ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။

ယင်းထမနဲထိုးပွဲတွင် ဆွမ်ပရာဘွမ်မြို့နယ်အမှတ်(၄၆)ခြေလျင်တပ်ရင်း၊ အရာရှိ၊ အရာခံ စစ်သည်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များနှင့်မိသားစုဝင်များ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်ဌာနဆိုင်ရာအကြီးအကဲနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာ/မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များတို့က ပျော်ရွှင်စွာကျင်းပခဲ့ကြသည်။

အဆိုပါ ထမနဲထိုးပွဲကို ဆွမ်ပရာဘွမ်မြို့နယ်အမှတ်(၄၆)ခြေလျင်တပ်ရင်းမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်မြင့်နှင့်အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်း ပါဝင် ကျင်းပခြင်းဖြစ်ပြီး ထမနဲများကို အာရုဏ်ဆွမ်းဆက်ကပ်ခြင်း၊ ထေရဝါဒ ဗုဒ္ဓသာသနာပြု ကျောင်းထိုင် ဆရာတော် မဟာသဒ္ဓမ္မဇောတိကဓဇ၊ ဘဒ္ဒန္တတိဿ အရှင်သူမြတ်အား ထမနဲဆွမ်း ဆက်ကပ်ခြင်း၊ အလှူရှင်များအား ဒါနပြုခြင်းနှင့် ခုနှစ်ရက်သားသမီးဒေသခံပြည်သူများအား ဝေငှကုသိုလ်ပြုလုပ်ခဲ့ကြောင်းသိရသည်။

ဆွမ်ပရာဘွမ်(ပြန်/ဆက်)