မန္တလေး ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့နှင့် အမှတ် (၁၁) လူကုန်တားရဲတပ်ဖွဲ့စု (မန္တလေး) တို့ ပူးပေါင်းဆောင်ရွက်သော လူကုန်ကူးမှု တားဆီးကာကွယ်ရေး အသိပညာပေး ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ၂၄ လမ်း၊ ၆၄/ ၆၅ လမ်းကြားရှိ တိုင်းဒေသကြီးအစိုးရအဖွဲ့ အစည်းအဝေးခန်းမ (လွှတ်တော်ရုံးဟောင်း)တွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားသို့ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ်၏ ဇနီး ဒေါ်မမ၊ နာယကအဖွဲ့ဝင်များ ဖြစ်ကြသော တိုင်းဒေသကြီးဝန်ကြီးများ၏ ဇနီးများ၊ တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် လုပ်ငန်းအဖွဲ့ခေါင်းဆောင်များ၊ အောင်မြေသာစံခရိုင်၊ မဟာအောင်မြေခရိုင်နှင့် အမရပူရခရိုင်တို့မှ ခရိုင်/မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ တက်ရောက်ကြသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်မီမီစိုးက အဖွင့်အမှာစကား ပြောကြားသည်။
ထို့နောက် အမှတ် (၁၁) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စုမှူး ရဲမှူး ခင်မောင်သိန်းက မြန်မာနိုင်ငံ၏လက်ရှိ လူကုန်ကူးမှု အခြေအနေနှင့် ပတ်သက်၍ အသိပညာပေး ဟောပြောဆွေးနွေးပြီး တိုင်းဒေသကြီးအမျိုးသမီးရေးရာအဖွဲ့အတွင်းရေးမှူး ဒေါ်သန္တာဘုန်းဝင်းက အမျိုးသမီးရေးရာအဖွဲ့၏ လူကုန်ကူးမှု တားဆီးကာကွယ်ရေး လုပ်ငန်းများတွင် ပါဝင်ပူးပေါင်းဆောင်ရွက်ခဲ့မှုများကို ရှင်းလင်းပြောကြားသည်။
၎င်းနောက် လူကုန်ကူးမှုတားဆီးရေးနှင့် ပတ်သက်သော Video Clip ကို ပြသသည်။
အခမ်းအနား မစတင်မီ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့စု (မန္တလေး) မှ တပ်ဖွဲ့ဝင်များက လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးကြကြောင်း သတင်းရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)