ပေါင် ဖေဖော်ဝါရီ ၂၈
မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ နိုင်ငံ့စီးပွားရန်ပုံငွေဖြင့်ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်း စိုက်ပျိုးခြင်းအတွက် သွင်းအားစုပေးအပ်ခြင်း အခမ်းအနားကို ယမန်နေ့မွန်းလွဲ (၂) နာရီအချိန်က မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်စွာလှိုင်က နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်မည့် ဆီထွက်သီးနှံ (မြေပဲ၊ နေကြာ) စီမံကိန်း စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်းဆောင်ရွက်ရန်အတွက် သွင်းအားစုများကို မြေပဲနှင့်နေကြာစိုက် တောင်သူများကိုပေးအပ်ခဲ့သည့်အတွက် ရာနှုန်းပြည့်မီအောင် စိုက်ပျိုးကြဖို့လိုအပ်ပါကြောင်း အမှာစကားပြောကြားသည်။
ဆက်လက်၍ သမဝါယမဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်သိန်းသိန်းအေးက စိုက်ပျိုးရေးနှင့် သမဝါယမ အတူဖြစ်သည့်အတွက် သမဝါယမဦးစီးဌာနအနေဖြင့် မိုးစပါးစိုက်ပျိုးရေးအတွက် ကျုံဟော်ကျေးရွာ ထွန်းသစ်ရွှေဝါ စိုက်ပျိုးထုတ်လုပ်ရေး သမဝါယမအသင်းလီမိတက်တွင် အသင်းသား (၁၁) ဦး၏ လယ်ဧက (၁၃၀) အတွက် သွင်းအားစုဆောင်ရွက်ပေးခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုသို့ သွင်းအားစုဆောင်ရွက်ရာတွင် မြေပဲစိုက်တောင်သူ မှော်ဘီကျေးရွာ (၅၀) ဧကနှင့် မုတ္တမ-ကျွဲခြံကျေးရွာ (၅၀) ဧက တောင်သူများအား တစ်ဧကလျှင် ငွေကျပ် (၃) သိန်းနှုန်းဖြင့်ညီမျှသော သွင်းအားစုများကိုလည်းကောင်း၊ နေကြာသီးနှံတစ်ဧကလျှင် ကျပ် (၂) သိန်းကျပ်နှုန်းဖြင့် ညီမျှသောသွင်းအားစုများအား သပြေကုန်းကျေးရွာ (၈၆) ဧက၊ သဲကုန်းကျေးရွာ (၁၀၀) ဧက၊ ထန်းပင်ချောင်းလေးကျေးရွာ (၈၀) ဧက၊ အလှပ်ကျေးရွာ (၂၀) ဧကကိုလည်းကောင်း စုစုပေါင်း ငွေကျပ် သိန်း (၈၇၂) သိန်းနှင့်ညီမျှသော သွင်းအားစုများကို ပေးအပ်ခဲ့ကြောင်း သိရသည်။
မွန်မလေး (ပြန်/ဆက်)