မြစ်သားမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပ

မြစ်သား ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် ကုက္ကိုစုကျေးရွာအုပ်စု၊ အောင်ကမ္ဘာ ဆီစက်အလုပ်ရုံတွင် ယနေ့ နံနက် (၁၀) နာရီ အချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲ အခမ်းအနားကို ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်မှ အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ဘိုဘိုအောင်မှ ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်များ၊ ဥပဒေဆိုင်ရာ အကြောင်းအရာများ၊ ဥပ‌ဒေနှင့် ပတ်သက်၍ ကော်မတီများ ဖွဲ့စည်းထားရှိမှု အခြေအနေ၊ ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များ၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ရေးအဖွဲ့၏ ထုတ်ပြန်ကြေညာချက်များနှင့် ပြည်သူ့စစ်မှုထမ်း ဥပဒေကို နိုင်ငံတော်အစိုးရမှ အတည်ပြု ထုတ်ပြန်လာမှုနှင့် စပ်လျဥ်းပြီး လူမှုကွန်ယက်စာမျက်နှာများပေါ်တွင် ကောလဟလများ ပျံ့နှံ့လာသဖြင့် ဥပဒေပါအကြောင်းအရာများအား မြစ်သားမြို့နယ်အတွင်းရှိ ဌာနဆိုင်ရာ အကြီးအကဲများနှင့် ဝန်ထမ်းများ၊ ပြည်သူများ ကျယ်ပြန့်စွာ သိရှိနားလည်သဘောပေါက်စေရန်၊ ပြည်သူလူထုအနေဖြင့် ကောလဟလ သတင်းများအပေါ် ယုံကြည်သက်ဝင်မှု မရှိစေရန်နှင့် သတင်းမှန်များအား သိရှိစေရန်နိုင်ငံတော်မှ တပြေးညီထုတ်ပြန်ထားရှိမှု အခြေအနေများအား လေ့လာဖတ်ရှုရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြားသည်။ ထို့နောက်   တက်ရောက်လာကြသော ပြည်သူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော  ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်နှင့် အဖွဲ့ဝင်များ၊ ကူမဲမြို့အုပ်ချုပ်ရေးမှူး ဦးနိုင်ဇော်နှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများနှင့် ပြည်သူများ စုစုပေါင်း (၆၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)