မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေသီးနှံ (စပါး+နှမ်း) (၃၀၅၀၀)ဧက စိုက်ပျိုးထုတ်လုပ်သွားမည်

မတ္တရာ ဖေဖော်ဝါရီ ၂၈

မတ္တရာမြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်သည့် နွေသီးနှံ (စပါး+နှမ်း) (၃၀၅၀၀) ဧက အတွက် ချေးငွေသဘောတူ စာချုပ်ချုပ်ဆိုခြင်းနှင့် သွင်းအားစု ထုတ်ပေးခြင်း အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မတ္တရာမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပ ပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အောင်မြေသာစံခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဆွေမှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းမှ ချေးငွေသဘောတူ စာချုပ်ချုပ် ဆိုခြင်းနှင့် သွင်းအားစုထုတ်ပေးခြင်း၊ တောင်သူအစုအဖွဲ့ ဖွဲ့စည်းခြင်းတို့နှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နွေသီးနှံ (စပါး+နှမ်း) စီမံကိန်းတွင် ပါဝင်သည့် တောင်သူအစုအဖွဲ့၊ သွင်းအားစု အစုအဖွဲ့၊ ဝယ်ယူကြိတ်ခွဲတင်ပို့သူအစုအဖွဲ့နှင့် မြို့နယ်စိုက်ပျိုးမွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီတို့ သုံးဦး သုံးဖလှယ် စာချုပ်ချုပ်ဆိုခြင်း လုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဆွေ၊ စိုက်ပျိုးရေးဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူး ဦးတိုးမင်းနှင့် တာဝန်ရှိသူများမှ တောင်သူများသို့ သွင်းအားစုများ ထုတ်ပေးခဲ့ကြရာ တောင်သူများမှ လက်ခံရယူခဲ့ပြီး တောင်သူများ ကိုယ်စား တောင်သူတစ်ဦးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ယခုနှစ်တွင် မတ္တရာမြို့နယ်၌  နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေဖြင့် စိုက်ပျိုးထုတ်လုပ်ရန်အတွက် နွေသီနှံ (စပါး) ကို ပြည်ထောင်စု ရန်ပုံငွေဖြင့် ၂၅၀၀၀ ဧက၊ တိုင်းဒေသကြီးရန်ပုံငွေဖြင့် ၅၀၀၀ ဧက၊ နှမ်း ၅၀၀ ဧက စုစုပေါင်း (၃၀၅၀၀) ဧကအား ကျေးရွာအုပ်စု ၃၉ အုပ်စုရှိ တောင်သူအစုအဖွဲ့ (၁၀၂)ဖွဲ့၊ တောင်သူ ၁၃၉၁ ဦး တို့မှ ဆောင်ရွက်သွားမည်ဖြစ်ပြီး တောင်သူများအား တစ်ဧကလျှင် ငွေကျပ် (၂) သိန်းဖြင့် ညီမျှသော သွင်းအားစု ဓာတ်မြေဩဇာများကို ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

စိုးကျော်သူထွေး(မတ္တရာ)