မိုင်းတုံ ဖေဖော်ဝါရီ ၂၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်တွင် မြို့နယ်အဆင့်ဌာနဆိုင်ရာများမှ ယမန်နေ့ နံနက် ၁၀ နာရီ အချိန်က စမ်းသီတာ (၅)မိုင်ကျေးရွာရှိ ကျေးရွာအုပ်ချုပ်ရေးမှူးအိမ်၌ ဒေသခံပြည်သူများနှင့်တွေ့ဆုံ၍ တောမီးမရှို့စေရေးအတွက် အသိပညာပေးဟောပြောပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးက ကျေးလက်နေပြည်သူများအနေနှင့် သဘာဝသစ်တောများကို မပြုန်းတီးအောင် စောင့်ရှောက်ရမည့် တာဝန်ရှိသကဲ့သို့ သစ်ပင်ခုတ်ခြင်း၊ တောမီးရှို့ခြင်းများကိုလည်း ရှောင်ကြဉ်သင့်ကြောင်းနှင့်ပတ်သက်၍လည်းကောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်ပတ်သက်ပြီး ပြည်သူများ သိရှိနားလည်စေရန် အကျယ်တဝန်းဟောပြောပြီးနောက် မြို့နယ်သစ်တောမှ တောအုပ်ကြီး ဦးအေးလွင်က သစ်ပင်များခုတ်ခြင်းနှင့် တောမီးရှို့ခြင်းနှင့်ပတ်သက်၍ အကျယ်တစ်ဝန်းဆွေးနွေးခြင်း၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းခိုင်က မီးခိုးငွေ့၏ဆိုးကျိုးနှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသူရိန်ဖြိုးက တောမီးမှတဆင့် မီးဘေးအန္တရာယ်နှင့်ပတ်သက်၍လည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးမှ ဓာတ်ငွေ့နှင့်ပတ်သက်၍လည်းကောင်း၊ မြေစာရင်းမှ တောင်ရာပြောင်းရွေ့ခြင်း၏ ဆိုးကျိုးနှင့်ပတ်သက်၍လည်းကောင်း အသီးသီး ဆွေးနွေးပြောကြားပြီး၊ မြို့နယ်ရဲမှူး မြင့်အောင်က ရပ်ရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များကိုလည်းကောင်း ပူးပေါင်းဆောင်ရွက်ပေးရန်၊ နယ်မြေလုံခြုံရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်နှင့် မသင်္ကာဖွယ်သိရှိပါက သက်ဆိုင်ရာသို့ အချိန်မီသတင်းပေးပို့ရန် ဆွေးနွေးပြောကြားခဲ့ကြသည်။
ထို့နောက် တက်ရောက်လာသော ကျေးလက်နေပြည်သူများက သိရှိလိုသည်များကို မေးမြန်းကြရာ သက်ဆိုင်ရာဌာနဆိုင်ရာ အကြီးအကဲမှ ပြန်လည်ဖြေကြာပေးခဲ့ကြောင်း သိရှိရသည်။
ဝင်းဝင်းခိုင်(မိုင်းတုံ၊ပြန်/ဆက်)