ကျိုက်ထိုမြို့မမူလတန်းကြို‌ကျောင်းတွင် ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ကျောင်းဆင်းပွဲ အခမ်းအနားကျင်းပ

ကျိုက်ထို ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့၊ မြို့မကံ့ကော်ကိုယ့်အား ကိုယ်ကိုးမူလတန်းကြိုကျောင်းတွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တွင် တက်ရောက်သင်ကြားခဲ့သော ကျောင်းသား၊ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်ချီးမြှင့်ခြင်းနှင့် ကျောင်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းတွင် (မြို့မ) ကံ့ကော် ကိုယ့်အားကိုယ်ကိုး မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မိခင်နှင့် က‌လေးစောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌ ဒေါ်သန်းသန်းစိုးနှင့် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာလွင်တို့က အမှာစကားပြောကြားကြပြီး တာဝန်ရှိသူများက တက်‌ရောက်သင်ကြားမှုခံယူခဲ့သော ကျောင်းသား၊‌ ကျောင်းသူများအား ဂုဏ်ပြုလက်မှတ်များ ချီးမြှင့်ပေးခဲ့သည်။ ထို့နောက် ပျော်ပွဲရွှင်ပွဲများပြုလုပ်ကာ‌ စတုဒီသာ ကျွေးမွေးခြင်းနှင့် ရေပက်ကစားခဲ့ကြကြောင်း သိရသည်။

ဝင်းမောင်(ကျိုက်ထို)