မလှိုင် ဖေဖော်ဝါရီ ၂၇
မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၊ မြင်းတွင်းကျေးရွာအုပ်စု၊ မြင်းတွင်းကျေးရွာ၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာဆွေးနွေးပွဲ” အခမ်းအနားကို ယနေ့ နံနက် (၉) နာရီ အချိန်က အဆိုပါ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးစိုးမင်းထက်က တက်ရောက်လာကြသော ကျေးရွာသူ/ကျေးရွာသားများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေ အာဏာတည်စေခြင်းနှင့် စပ်လျဉ်း၍ စိုးရိမ်ပူပန်စရာမလိုကြောင်း၊ ပြည်သူ့စစ်မှုထမ်းဥပဒေ အတည်ပြုပြဋ္ဌာန်းရခြင်း နောက်ခံသမိုင်း၊ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ နိုင်ငံသားတိုင်း စောင့်ထိန်းရန်တာဝန်များ၊ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် စစ်မှုထမ်းရန် တာဝန်များကို ပုဒ်မတစ်ခုချင်းအလိုက် ရှင်းလင်းဆွေးနွေးပြီးနောက် ပြည်သူ့စစ်မှုထမ်းဥပဒေပါ ရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်း ဆင့်ခေါ်ရေး အဖွဲ့အဆင့်ဆင့် ဖွဲ့စည်းခြင်း၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းခြင်းမှ ကင်းလွတ်ခွင့်ပြုခြင်း၊ ယာယီရွေ့ဆိုင်းခွင့်ရသူများ၊ ပြည်သူ့စစ်မှုထမ်းဆင့်ခေါ်ရေး မြို့နယ်အဖွဲ့၏ လုပ်ငန်းတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ပြစ်မှုနှင့်ပြစ်ဒဏ် ပုဒ်မ(၁)ခုချင်းအလိုက် ပြဋ္ဌာန်းချက်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ ဒုမြို့နယ်ဥပဒေအရာရှိ ဦးကျော်ရဲထွန်းက ပြည်သူ့စစ်မှုထမ်းဥပဒေ ပြဋ္ဌာန်းရခြင်း၏ ရည်ရွယ်ချက်နှင့် ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ၊ ပြစ်မှုပြစ်ဒဏ်များကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များ ဖြစ်ကြသော ဦးအောင်ကျော်သူ၊ ဦးသိန်းဟန်တို့ တက်ရောက်ခဲ့ကြပြီး အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတို့မှ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ထုတ်ဝေသော သတင်းစကား လက်ဆောင်စာစောင်တို့အား အခမ်းအနားသို့ တက်ရောက်လာကြသည့် ကျေးရွာသူ/ ကျေးရွာသား (၁၅၃) ဦးအား ဖြန့်ဝေခဲ့ကြောင်း သိရသည်။
အောင်ဌေး(မလှိုင်)