နေပြည်တော်ကောင်စီဥက္ကဋ္ဌ လယ်ဝေးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများပေးအပ်ခြင်းနှင့် နွေစပါးစိုက်ပျိုးခြင်း သရုပ်ပြပွဲအခမ်းအနားတက်ရောက်၍ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် ဖေဖော်ဝါရီ ၂၈

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ လယ်ဝေးမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ်၊ နွေစပါးစိုက်ပျိုးသည့် တောင်သူများအား သွင်းအားစုများ ပေးအပ်ခြင်းနှင့် ကောက်စိုက်စက်၊ လက်ဆွဲကောက်စိုက်စက်ဖြင့် နွေစပါးစိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယမန်နေ့ နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ်၊ သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ အဆင့်မြင့်လယ်ယာမြေဧက (၂၀၀) ရှင်းလင်းဆောင်တွင် ကျင်းပသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော် အဆင့်ဌာနဆိုင်ရာများ၊ လယ်ဝေးခရိုင်နှင့် လယ်ဝေမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တောင်သူများ တက်ရောက်ကြသည်။

ရှေးဦးစွာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက အမှာစကားပြောကြားရာတွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေ ထူထောင်၍ လယ်ယာစိုက်ပျိုးရေးကဏ္ဍတွင် တောင်သူများ၏ စိုက်ပျိုးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်ပြီး တစ်ဦးချင်းဝင်ငွေတိုးလာစေရေးအတွက် ဆောင်ရွက်ခြင်းဖြစ် ကြောင်း၊ နွေစပါးနှင့် နွေသီးနှံများ စိုက်ပျိုးရာတွင် တစ်ဧကအထွက်နှုန်းမြင့်မားပြီး ပန်းတိုင်အထွက်နှုန်းရရှိကာ တောင်သူများ ဝင်ငွေမြင့်မားလာစေရေးအတွက် စိုက်ပျိုးရေများကို စနစ်တကျသုံး စွဲခြင်း၊ မျိုးကောင်းမျိုးသန့်များ သုံးစွဲခြင်း၊ စိုက်နည်းစနစ်များ ပြောင်းလဲစိုက်ပျိုးခြင်း၊ သတ်မှတ်သွင်းအားစုများ လုံလုံလောက်လောက်ထည့်သွင်းပေးခြင်းနှင့် ရိတ်သိမ်းရာတွင် အလေအလွင့် အနည်းဆုံးဖြစ်အောင် ရိတ်သိမ်းနိုင်ရေးအတွက် စက်ကိရိယာများ တွင်ကျယ်စွာအသုံးပြုနိုင်ရေးကို လိုက်နာဆောင်ရွက်ကြရမှာဖြစ်ကြောင်း၊ နွေစပါးနှင့် နွေသီးနှံများကို လျာထားဧကများ ပြည့်မီစေရေး ဆောင်ရွက်ကြဖို့လိုအပ်ပါကြောင်း၊ နေပြည်တော်အတွင်း လယ်ယာကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ဌာနဆိုင်ရာများနှင့် တောင်သူများက တက်ညီလက်ညီ အားသွန်ခွန်စိုက် ကြိုးစားဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တွင် နိုင်ငံ့စီးပွား မြှင့်တင်ရေးရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် နွေစပါးစီမံကိန်း ဆောင်ရွက်ထားရှိမှု အခြေအနေများကိုလည်းကောင်း၊ ဆည်ရေသိုလှောင်ထားရှိမှု အခြေအနေနှင့် နွေစပါးနှင့် နွေသီးနှံများအတွက် စိုက်ပျိုးရေပေးဝေမည့် အခြေအနေများကိုလည်းကောင်း၊ နွေစပါးကောက်စိုက်စက်ဖြင့် စိုက်ပျိုးမည့် အခြေအနေများကိုလည်းကောင်း၊ ဇာမဏီကုမ္ပဏီ တာဝန်ခံက နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် နွေစပါးစိုက်ပျိုးရာတွင် သွင်းအားစုများ ဖြန့်ဖြူးမည့် အခြေအနေများကိုလည်းကောင်း အသီးသီးရှင်းလင်းတင်ပြကြသည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် နေပြည်တော်ကောင်စီဝင်များက နွေစပါးစိုက်ပျိုးမည့် တောင်သူများအား စပါးမျိုးစေ့များနှင့် ဓာတ်မြေဩဇာများ အသီးသီး ပေးအပ်ကြသည်။ ထို့နောက် တက်ရောက်လာကြသည့် တောင်သူများက လိုအပ်ချက်များကို တင်ပြကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက သက်ဆိုင်ရာဌာနများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် သစ်ဆိမ့်ပင်ကျေးရွာအုပ်စု၊ ကွင်းအမှတ် (၁၈၂၆) တောင်သူ ဦးတင်ငွေ၏ နွေစပါးစိုက်ခင်း နှစ်ဧကတွင် နွေစပါးနှံကောက် ထွန်းမျိုးကို ကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုအားလည်းကောင်း၊ တောင်သူ ဦးမင်းမင်း၏ နွေစပါးစိုက်ခင်း တစ်ဧကတွင် နွေစပါးနှံကောက်ထွန်းမျိုးကို လက်ဆွဲကောက်စိုက်စက်ဖြင့် သရုပ်ပြစိုက်ပျိုးနေမှုအားလည်းကောင်း ကြည့်ရှုအားပေးပြီး အဆင့်မြင့်လယ်ယာမြေဧက (၂၀၀) တွင် ရေပေးဝေနေမှုအခြေအနေများနှင့် ဇာမဏီကုမ္ပဏီမှ ကွန်ပေါင်းဓာတ်မြေဩဇာများ ခင်းကျင်းပြသမှုတို့ကို ကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့သည် လယ်ဝေးမြို့နယ်၊ သော်မှော်ကုန်းကျေးရွာ ဘက်စုံသုံးခန်းမ၌ နေပြည်တော်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သင်တန်းသား (၂၀) ဦးအား ကွန်ပျူတာအခြေခံသင်တန်း ဖွင့်လှစ်သင်ကြားပို့ချနေမှုအား လည်းကောင်း၊ သော်မှော်ကုန်းကျေးရွာတွင်းလမ်း ကွန်ကရစ်လမ်းခင်းကျင်း ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ သော်မှော်ကုန်းကျေးရွာအတွင်းရှိ မှော်ကျွန်းသာစာကြည့်တိုက်တွင် ကျေးရွာ ပြည်သူများ စိုက်ပျိုးရေး၊ မွေးမြူရေး၊ ပညာရေး၊ ကျန်းမာရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ လေ့လာနိုင်ရန်အတွက် e Library စနစ် ဆောင်ရွက်ထားရှိမှုအခြေအနေများကိုလည်းကောင်း ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့်အဖွဲ့သည် လယ်ဝေးမြို့နယ်၊ ကြို့ဇလုပ်ကျေးရွာတွင် လယ်ဝေးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်နေသည့် လယ်ယာမြေကုန်ထုတ်လမ်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌက သတ်မှတ်စံချိန်စံညွှန်း ပြည့်မီစေရေး၊ သတ်မှတ်ကာလအတွင်း ပြီးစီးစေရေး၊ ရေရှည်တည်တံ့ခိုင်မာစေရေးနှင့် လိုအပ်သည်များကို တာဝန်ရှိသူများကို မှာကြားခဲ့ကြောင်း သိရသည်။

ထွန်းထွန်းဝင်း(ပြန်/ဆက်)