ရန်ကုန် နိုဝင်ဘာ ၃
ရန်ကုန်အ ရှေ့ပိုင်းခရိုင်၊ သင်္ဃန်းကျွန်း မြို့နယ်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လမ်းညွှန်မှုအရ ကိုဗစ်-၁၉ ကာလအတွင်း မိမိတို့နေအိမ်မှ ဝေးကွာ သောဈေးများသို့ သွားရောက်ဝယ်ယူခြင်း မပြုရသည့်အတွက် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွါးမှု ကာကွယ်နိုင်ရေး ၊သန့်ရှင်း လတ်ဆတ်သောသား၊ ငါး၊ ဟင်းသီးဟင်းရွက် စားသောက်ကုန် များအား ပြည်သူများအလွယ်တကူ ဝယ်ယူရရှိနိုင် ရေးတို့အတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီနှင့်မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ်တို့ ကြီးမှူး၍ ညီနောင် လုပ်ငန်းရှင်အသင်းများမှ ယနေ့နံနက် (၇)နာရီမှ (၁၀)နာရီထိ သင်္ဃန်းကျွန်း မြို့နယ် (ခ)(ဂ) (ဃ)ရပ်ကွက် များ အတွင်းသို့ Mobile market ဈေးကားများဖြင့် လှည့်လည်ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ ဈေးကားများဖြင့် ရပ်ကွက်များ အတွင်းလာရောက် ဈေးရောင်းချ ပေးရာသို့ သင်္ဃန်းကျွန်းမြို့နယ် ကိုဗစ်-၁၉ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး လုပ်ငန်းကော်မတီ ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ထိုက် နှင့်ကော်မတီဝင်တို့က ကျန်းမာရေးနှင့်အား ကစားဝန်ကြီး ဌာနက ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့် အညီဈေး ရောင်းဈေး ဝယ်ကြစေရေးတို့အတွက် သွားရောက်ကြည့်ရှုခဲ့ကြသည်။
ဈေးလာဝယ်သူ တစ်ဦးကလည်း ယခုလို သန့်ရှင်းလတ်ဆတ်တဲ့ ဟင်းသီး ဟင်းရွက်နဲ့ သားငါး များကိုကိုယ့်ရပ်ကွက် ထဲအထိလာရောင်းပေးတဲ့အတွက် ဝယ်ရတာတော်တော်အဆင်ပြေပါတယ်၊နှစ်ရက်ခြားတစ်ကြိမ် လောက် လာရောင်းပေး နိုင်မယ်ဆိုရင် ကောင်းမှာဘဲ ဟုပြောကြားခဲ့သည်။
ယခုကဲ့သို့ဟင်းသီးဟင်းရွက်၊ သား၊ ငါးနှင့် မီးဖိုချောင်သုံး စားသောက်ကုန်များ ကိုရပ်ကွက်များအရောက် Mobile Market စျေးရောင်းယာဉ်များဖြင့် လှည့်လည် ရောင်းချပေးမှုအား အလှည့်ကျဆက်လက် ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ရဲမင်းထွန်း (ပြန်/ဆက်)