ကျိုင်းတောင်း နိုဝင်ဘာ ၃
၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မီးဘေးအန္တရာယ် ကင်းရှင်းစွာ ဆန္ဒမဲပေးနိုင်ရန်နှင့် မဲရုံများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်အတွက် ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ရှိ မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက် ၉နာရီခန့်က စစ်ဆေးဆောင်ရွက်ခဲ့သည်။
ထိုသို့ စစ်ဆေးဆောင်ရွက်ရာတွင် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှ လင်းခေးခရိုင်မှူး ဦးကျော်နိုင်စိုး ဦးဆောင်၍ မီးသတ်တပ်ဖွဲ့ဝင်များ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးနန်းဝင်း၊ ကျိုင်းတောင်းနယ်မြေရဲစခန်းမှ ရဲအုပ် ဦးမျိုးမြင့်အောင်နှင့် ရဲတပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များတို့က အဆိုပါ မဲရုံနှင့် မဲရုံပတ်ဝန်းကျင်ရှိ အဆောက်အအုံများ၊ လူနေအိမ်များတွင် မီးသုံးစွဲမှုအခြေအနေ စစ်ဆေးခြင်း၊ မဲရုံအတွင်း မီးဘေးအန္တရာယ်ကာကွယ်ရန် မီးသတ်ဆေးဘူးထားရှိမှု အခြေအနေများ၊ အရေးပေါ်အခြေနေ ရေရရှိစေရေး စသည်တို့ကို စစ်ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ကျိုင်းတောင်း(ပြန်/ဆက်)