ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဟောပြောပွဲ အခမ်းအနားကျင်းပ

ဒလ ဖေဖော်ဝါရီ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ် ချယ်ရီသင်္ဘောဆိပ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးဟောပြောပွဲနှင့် သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခြင်း အခမ်း အနားကို ယနေ့ နံနက် (၁၀) နာရီ အချိန်က ကျင်းပသည်။

ဟောပြောပွဲတွင် မြစ်ဝကျွန်းပေါ်ဌာနခွဲ သယ်ယူပို့ဆောင်ရေးဌာန လက်ထောက်အထွေထွေမန်နေဂျာ ဦးထက်အောင်လင်းက အဖွင့်အမှာစကားပြောကြားသည်။ ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဇာနည်ထက်က မီးလောင်ကျွမ်းရခြင်း၏ သဘောတရားများ၊ မီးသတ်ဆေးဗူးအသုံးပြုပုံများနှင့် မီးဘေးအန္တရာယ်ကြောင့် ပစ္စည်းဥစ္စာများသာမက အသက်ပါဆုံးရှုံးတတ်ကြောင်း ရှင်းလင်းပြောကြားခဲ့ပြီး မြို့နယ်မီးသတ်ဦးစီးဌာနမှ ဝန်ထမ်းများက မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက အမြန်ဆုံးမီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဗူးအသုံးပြုငြိမ်းသတ်ခြင်းနှင့် ဂတ်(စ်)မီးဖိုအသုံးပြုစဥ် မီးလောင်မှုဖြစ်ပွားပါက မီးငြိမ်းသတ်ခြင်းများ ကနဦးရှင်းလင်းပြောကြား၍ ပြည်တွင်းရေကြောင်းပို့ဆောင်ရေး ရေယာဥ်မှူးများ၊ ဝန်ထမ်းများနှင့်အတူ သရုပ်ပြဇာတ်တိုက်လေ့ကျင့်ခဲ့ကြသည်။

အဆိုပါအခမ်းအနားသို့ ပြည်တွင်းရေ ကြောင်းပို့ဆောင်ရေးမှ သက်ဆိုင်ရာတာဝန်ရှိ သူများနှင့်ဝန်ထမ်းများ၊ မြို့နယ်မီးသတ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြို့နယ်ကြက်ခြေနီအသင်းတို့ တက်ရောက်ခဲ့ကြသည်။

မြင့်ဇော် (ပြန်/ဆက်)